နေပြည်တော် ဇန်နဝါရီ ၂၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပြည်တွင်းမှခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားများအား သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးကို လေ့လာကြည့်ရှုနိုင်ရန်နှင့် လမ်းခရီးရှိ ရေမြေတောတောင် သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန် ဂုတ်ထိပ်(၁) ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်(၂)ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့် Sightseeing ရထားခရီးစဉ်ကို ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပြေးဆွဲပေးလျက်ရှိသည်။
ထို့သို့ပြေးဆွဲခဲ့ရာ ယနေ့အထိ ပုံမှန်ရထားခရီးစဉ် ၁၃ ခေါက်ပြေးဆွဲပေးခဲ့ပြီး ခရီးသည် ၆၂၁ ဦး၊ Package ဖြင့် စင်းလုံးငှားရမ်းမှုတွင် ခရီးသည် ၂၄ ဦးလိုက်ပါစီးနင်းနိုင်သည့် RBE အထက်တန်းတွဲဖြင့် ခရီးစဉ် ရှစ်ကြိမ်နှင့် ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်သည့် RBE ရိုးရိုး တန်းတွဲဖြင့် ခရီးစဉ် ခြောက်ကြိမ်ဖြစ်၍ ခရီးသည် ၄၃၂ ဦး၊ စင်းလုံးငှား ရထားကြီးဖြင့် ပြေးဆွဲပေးမှုအနေဖြင့် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၆ ရက်တို့တွင် ပြင်ဦးလွင်မြို့ရှိ Snow Queen ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၅၄၀၊ ဇန်နဝါရီ ၂၈ ရက်တွင် ရိုးရိုးတန်း ငါးတွဲဖြင့် ပြင်ဦးလွင်မြို့ရှိ မေမြို့ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၃၀၀ နှင့် ဇန်နဝါရီ ၂၉ ရက်တွင် ရိုးရိုးတန်းလေးတွဲနှင့် အထက်တန်း နှစ်တွဲဖြင့် ပြင်ဦးလွင်မြို့ အနီးစခန်းရှိ ပညာရွှေရောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၃၀၀ တို့ကို ပို့ဆောင်ပေးခဲ့ပြီး စတင်ပြေးဆွဲခဲ့သည့်အချိန်မှ ယနေ့ထိ ခရီးသည်စုစုပေါင်း ၂၁၉၃ ဦး လိုက်ပါစီးနင်းခဲ့သည်။
ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်-ပြင်ဦးလွင် RBE ရထားခရီးစဉ်တွင် ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်ပြီး ဂုတ်ထိပ်(၁) RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီတွင် ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိရပ်နားကြောင်း၊ ဂုတ်ထိပ်(၂) RBE ရထားသည် ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီတွင် ပြန်လည်ရောက်ရှိကြောင်း၊ လမ်းခရီးတွင် ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချိုဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဂုတ်ထိပ်ဘူတာမှ ဂုတ်ထိပ်တံတားပေါ် ဖြတ်သန်းပြီး ရှုခင်းကြည့်နေရာအထိ လူ ၂၀ လိုက်ပါ စီးနင်းနိုင်သည့် RGC ရထားအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိရာ ယနေ့အထိ ၄၀၀ လိုက်ပါစီးနင်းခဲ့သည်။
ပြင်ဦးလွင်-ဂုတ်ထိပ် အသွား/အပြန် ခရီးစဉ်အတွက် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တို့၌ ပုံမှန်ပြေးဆွဲပေးလျက်ရှိပြီး ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့်ဝန်ဆောင်မှုလုပ်ငန်းများမှ သီးခြားရက်များတွင် ငှားရမ်းလိုပါက RBE ရထား (တစ်စင်းလုံး) ၂၄ ဦး လိုက်ပါ စီးနင်းနိုင်သည့် အထက်တန်းတွဲဖြင့် အသွား/အပြန် ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ်ခုနှစ် သိန်းနှစ်သောင်း ကျသင့်မည်ဖြစ်သည်။
ထို့အတူခရီးသည် ၁၅၀ နှင့်အထက် စီးနင်းနိုင်ရန် ရထားကြီးဖြင့် ထိုင်ခုံ ၃၀ ပါ အထက်တန်းတွဲ၊ ထိုင်ခုံ ၆၀ ပါ ရိုးရိုးတန်းတွဲနှင့် ဘရိတ်တွဲတို့ဖြင့် ချိတ်ဆက်၍ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ခရီးစဉ်အပြင် ဇီးပင်ကြီး၊ အနီးစခန်းနှင့် သုံးတောင်ဘူတာတို့မှ လိုက်ပါစီးနင်းလိုပါကလည်း ပြေးဆွဲပေးမည်ဖြစ်ရာ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် အသွား/အပြန် ရိုးရိုးတန်း တစ်ဦးလျှင်ငွေကျပ် ၁၅၀၀၀ နှင့်အထက် တန်းတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အနီးစခန်းဘူတာမှ စတင်ပြေးဆွဲပေးခဲ့မှုအတွက် ရိုးရိုးတန်း တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀နှင့် အထက် တန်းတစ်ဦးလျှင် ငွေကျပ် ၃၅၀၀၀ ကောက်ခံပြေးဆွဲပေးခဲ့သည်။
အထက်ပါ နှုန်းထားများဖြင့် ရှုခင်းကြည့် Sightseeing ခရီးစဉ်များအတွက် Package ဖြင့် RBE (သို့မဟုတ်) ရထားကြီး စင်းလုံးငှားရမ်းလိုပါက သုံးရက်ကြိုတင်၍ ရုံပိုင်ကြီး (အထူးတန်း) ပြင်ဦးလွင် ဖုန်း ၀၉-၄၄၈၅၃၈၈၃၀ မှ တစ်ဆင့် ဆက်သွယ်ငှားရမ်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်


