မန္တလေး ၂ မေ
မန္တလေး မဟာမုနိရုပ်ရှင်တော်တွင် နိုင်ငံခြားသားခရီးသွားများအား ဝင်ကြေးကောက်ခံရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယခင်ကခွင့်မပြုခဲ့သော်လည်း ယခုတွင် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း မဟာမုနိရုပ်ရှင်တော် ဂေါပကအဖွဲ့မှ သိရသည်။
ဝင်ကြေးကောက်ခံမှုကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ နိုင်ငံခြားသားများကို ဇုန်ဝင်ကြေးအဖြစ် တစ်သောင်းကျပ် ကောက်ခံထားပြီဖြစ်သည့် အတွက် သီးသန့်ထ့်ထပ်မံကောက်ခံရန် မသင့်ဟုဆိုကာ ယခင်က ခွင့်မပြုခဲ့သော်လည်း ယခုအချိန်တွင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
"မနေ့ကပဲ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက စာပို့ပြီး ခွင့်ပြုကြောင်း ပြောတယ် ။ အဲ့တော့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို လာမယ့် ဇူလိုင်လတစ်ရက်နေ့ကနေ စပြီးကောက်ခံသွားမှာပါ " ဟု မဟာ မုနိရုပ်ရှင်တော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။
မဟာမုနိရုပ်ရှင်တော်သို့ လာရောက်လည်ပတ်လေ့လာသည့် နိုင်ငံခြားသား ခရီးသွားများကို မဟာမုနိရုပ်ရှင်တော် အရှေ့မုခ်၊ တောင် ဘက်မုခ်၊ မြောက်ဘက်မုခ်တို့တွင် Tour Information Centre များ ဝန်ဆောင်မှု၊ ပံ့ပိုးမှုများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ဝင်ကြေးများကို ဂေါပကအဖွဲ့က တာဝန်ယူ ကောက်ခံသွားမည်ဖြစ်ပြီး ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားတစ်ဦးလျှင် မြန်မာကျပ်ငွေဖြင့် ကောက်ခံပါက ငွေကျပ် ၅၀ဝဝ၊ ဒေါ်လာအနေဖြင့် ကောက်ခံပါက အမေရိကန် ဒေါ်လာ သုံးဒေါ်လာ ခန့်ကောက်ခံရန် လျာထားကြောင်း မဟာမုနိ ရုပ်ရှင်တော်ဂေါပကအဖွဲ့မှ သိရသည်။
နိုင်ငံခြား သားများအတွက် ဘုရားကြီးသမိုင်းနှင့် လေ့လာစရာနေရာများ၊ နံရံဆေးရေးပန်းချီများအပြင် လမ်းညွှန် ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
သူရိန်လင်း


