မန္တလေး ၂ မေ
မန္တလေးတိုင်းဒေသကြီးတွင် ယခုလအတွင်းတွင် မီးပျက်နှုန်း ပိုမိုများပြားမည်ဟု မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (MESC) မှ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဧပြီလတွင် လျှပ်စစ်ဓာတ်အားသုံးစွဲသည့်ပမာဏမှာ မဂ္ဂါဝပ် ၆၀ဝ ခန့်ရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုလျော့နည်းလာသည့်အတွက် ဓာတ်အားပေးဝေမှုကို ၉၁ မဂ္ဂါဝပ်ထိလျှော့ချခဲ့ရာမှ ယခုလအတွင်း မေ ၁ ရက်မှစတင်၍ ဓာတ်အားပေးဝေမှုကို ၂၁၆ မဂ္ဂါဝပ်အထိ ထပ်မံလျှော့ချဖြတ်တောက် သွားမည်ဖြစ်ကြောင်း သိရသည်။
" ဒီလအတွင်းမှာ မဂ္ဂါဝပ်လျှော့ချတဲ့အတွက် မီးပျက်နှုန်းပိုမိုများပြားမယ် ။ လျှော့ချတဲ့နေရာမှာ နေရာအလိုက် အလှည့်ကျစနစ်နဲ့ မီးဖြတ်တောက်သွားမှာပါ။ ခုလိုလျှော့ချဖို့ ဝန်ကြီးဌာနကလည်း ညွှန်ကြားချက် ထုတ်ထားပါတယ်။ " လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း အချိန်ပိုင်းအလှည့်ကျ စနစ်ဖြင့် လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်ပြီး စက်မှုဇုန်များတွင် ညနေ ၅ နာရီမှ ည ၁၁ နာရီထိ လုပ်ငန်းများ ရပ်နားရမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူဦးရေ ၆၉၈၃၀ဝ ကျော်ရှိပြီး မန္တလေးတိုင်းဒေသကြီး၏ နွေရာသီကာလအများဆုံး ဝန်အားမှာ မဂ္ဂါဝပ် ၅၇၀ ခန့်ရှိကာ တိုင်းဒေသကြီးအနေဖြင့် တစ်နှစ်ပျမ်းမျှ ၁၅ ရာခိုင်နှုန်းခန့် ဓာတ်အားတိုးတက်သုံးစွဲလျက်ရှိနေကြောင်း သိရသည်။
သူရိန်လင်း


