ပြင်ဦးလွင် ဇန်နဝါရီ ၁၄

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံး သိမ်းဆည်းရမိမှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့၌ ကျင်းပသည်။

ဦးစွာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် မြန်မာနိုင်ငံ သမိုင်းစဉ်တစ်လျှောက်လုံး၌ မူးယစ်ဆေးဝါး အများဆုံးဖမ်းဆီးရမိသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ဦးစွာလုပ်မည်ဖြစ်ပါကြောင်း၊ ထို့နောက် မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့်နေရာများကို လက်တွေ့မြေပြင်တွင် ပြသသွားမည်ဖြစ်ပါကြောင်း၊ ပထမဦးစွာ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးလိုပါကြောင်း ပြောကြားပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုးနှင့် တာဝန်ရှိသူများကို နိုင်ငံတကာသံတမန်များ၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာများနှင့် မိတ်ဆက်ပေးသည်။

ထို့နောက် ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိအနေဖြင့် ကြိုတင်၍ မေတ္တာရပ်ခံလိုပါကြောင်း၊ ယခုမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုသည် အကြီးဆုံးဖြစ်သကဲ့သို့ စိတ်ဝင်စားစရာကောင်းသည့် ကိစ္စလည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဖမ်းမိခဲ့ခြင်းဖြစ်ပါကြောင်း၊ သမိုင်းမှတ်တမ်းတင်ရမည့် အရာတစ်ခုလည်းဖြစ်ပါကြောင်း၊ သတင်းထောက်များ၊ သံအမတ်ကြီးများ၊ သံတမန်များအနေ ဖြင့် မေးစရာမေးခွန်း အမြောက်အမြား ရှိမည်ဖြစ်ပါကြောင်း၊ သို့သော် မိမိမေတ္တာရပ်ခံလိုသည်မှာ သတင်းစာရှင်းလင်းပွဲပြီးသည်နှင့် ထိုနေရာများကို ရဟတ်ယာဉ်နှင့် လိုက်ကြည့်ရမည်ဖြစ်သောကြောင့် အချိန်ကိုငဲ့ညှာသောအားဖြင့် ယခုသတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများ မေးမြန်းခြင်းမပြုဘဲ မြေပြင်ကို ရောက်သည့်အချိန်၊ မြေပြင်ကို လိုက်ကြည့်ပြီးသည့် အချိန်တွင် မေးမြန်း၍ရပါကြောင်း၊ မိမိတို့ပြန်လာသည့်အချိန်တွင်လည်း မေးမြန်း၍ရကြောင်း မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်က မိမိတို့အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာကို ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည့်အနေအထားကို ဦးစွာရှင်းလင်းပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့်ပတ်သက်ပြီး အမျိုးသားရေး တာဝန်အဖြစ်ခံယူကာ အထူးအလေးထားပြီး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ခေတ်အဆက်ဆက်အစိုးရ သည်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ ကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် ပတ်သက်လျှင် မိမိတို့ပြည်သူနှင့်လက်တွဲပူးပေါင်းပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည့်အတွက်ကြောင့် အောင်မြင်မှုများရရှိခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မိမိတို့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းမှ မိမိတို့နိုင်ငံနှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လိုအပ်သည့်အကူအညီများ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို မိမိတို့နိုင်ငံ စွမ်းအားရှိသလောက် တစိုက်မတ်မတ်အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိသည်ကို မိမိတို့အနေဖြင့် ပြောကြားလိုကြောင်း ပြောကြားသည်။

မူးယစ်ဆေးဝါးပြဿနာသည် မိမိတို့နိုင်ငံ တစ်နိုင်ငံတည်း သက်ဆိုင်သည့်ပြဿနာမဟုတ် ကြောင်း၊ နိုင်ငံအားလုံးနှင့်သက်ဆိုင်သည့်ပြဿနာကြီးဖြစ်ကြောင်း၊ ကမ္ဘာ့လူသား မျိုးနွယ်စုအားလုံးနှင့် သက်ဆိုင်သည့် ပြဿနာဖြစ်သော်လည်း ယင်းအပေါ်တွင် တချို့အဖွဲ့အစည်းများ၊ နိုင်ငံများအနေဖြင့် လူမျိုးစွဲ၊ ဘာသာစွဲ၊ နိုင်ငံရေးဝါဒအစွဲများနှင့်ယင်းအစွဲများကိုအခြေခံပြီး မူယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းကိုလည်း စိတ်မကောင်းဖွယ်ရာတွေ့ရပါကြောင်း၊ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး စဉ်ဆက်မပြတ် မိမိတို့ပေးထားတဲ့ကတိများအတိုင်း ဆက်လက်ပြီး လုပ်ဆောင်သွားမည်ဟု ထပ်လောင်းကတိပြု ပြောကြားလိုကြောင်း ပြောကြားသည်။

မိမိတို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်ချက်နှင့်ပတ်သက်ပြီး အကျဉ်းချုပ်တင်ပြ လိုကြောင်း၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် အမှုပေါင်း ၆၉၉၀ မှု၊ တရားခံပေါင်း ၁၀၀၆၃ ဦးနှင့်အတူ မူးယစ် ဆေးဝါးတန်ဖိုးအားဖြင့် ငွေ ၉၇၀ ဘီလီယံကျော် ဖမ်းဆီးရရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် အမှုပေါင်း ၆၇၅၉ မှု၊ တရားခံပေါင်း ၉၆၀၀ ဦးနှင့် တန်ဖိုးအားဖြင့် ၁၁၂၀ ဘီလီယံကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အမှုပေါင်း ၆၅၃၉ မှု၊ တရားခံပေါင်း ၈၈၅၃ ဦးနှင့်အတူ တန်ဖိုးအားဖြင့် ၁၀၅၇ ဘီလီယံကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အမှုပေါင်း ၅၅၉၃ မှု၊ တရားခံပေါင်း ၇၈၂၈ ဦးနှင့်အတူ တန်ဖိုးငွေ ၉၉၈ ဘီလီယံကျော် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ထူးထူးခြားခြားဖမ်းဆီးရမှုတိုးတက်လာကြောင်း၊ အမှုပေါင်း ၅၃၇၀ မှုဖြစ်ပြီး အမှုကလျော့ကျသွားကြောင်း၊ တရားခံပေါင်း ၇၅၆၂ ဦးဖြစ်ပြီး လျော့ကျသွားကြောင်း၊ သို့သော် တန်ဖိုးအားဖြင့် ကျပ်ငွေ ၁၇၆၁ ဘီလီယံကျော် တန်ဖိုးတို့ကို သိမ်းဆည်းရမိသည့်အတွက် တန်ဖိုးအားဖြင့် စံချိန်တင်ခဲ့ကြောင်း၊ ယင်းအရာများသည် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိမှုများဖြစ်ကြောင်း၊ ယင်းတို့ကိုကြည့်ခြင်းအားဖြင့် ၂၀၂၅ ခုနှစ်အတွင်း ယခင်နှစ်များထက် ဖမ်းဆီးရမိ မူးယစ် ဆေးဝါးများ ပမာဏတန်ဖိုးက နှစ်ဆနီးပါး ပိုမိုတိုးတက်ဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရှိရမှာဖြစ် ကြောင်း ပြောကြားသည်။

မူးယစ်ဆေးဝါး ထိန်းချုပ်တားဆီးရေး၊ ဖမ်းဆီးရေးအပြင် ဘိန်းခင်းများ ဖျက်ဆီးရေးကိုလည်း နှစ်စဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၁ ခုနှစ်တွင် ဘိန်းခင်း ၁၄၀၃ ဟက်တာကျော်၊ ၂၀၂၂ ခုနှစ်တွင် ဘိန်းခင်း ၂၃၅၇ ဟက်တာကျော်၊ ၂၀၂၃ ခုနှစ်တွင် ဘိန်းခင်း ၂၅၀၁ ဟက်တာကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၉၁၆ ဟက်တာကျော်၊ ၂၀၂၅ ခုနှစ် တွင် လက်ရှိအချိန်ထိ ၂၀၅၇ ဟက်တာကျော်တို့အား ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် မိမိတို့အနေဖြင့် ကျန်ရှိနေသေးသည့် အချိန်များတွင် ဘိန်းစိုက်ရာသီမကုန်သေးသည့် အတွက် ဆက်လက်ပြီး ဖျက်ဆီးသွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့်ပတ်သက်ပြီး နှစ်စဉ်ဇွန်လတွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် နှစ်စဉ်ဇွန်လတွင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဖျက်ဆီးရာတွင် ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဘီလီယံ ကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၁၀၇၂ ဘီလီယံကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဖမ်းဆီးရမိမှုများ ပိုမိုများပြားလာသည့်အတွက် ဖျက်ဆီးမှုများ ပိုမိုဆောင်ရွက်လာနိုင်သည့် အနေအထား ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်အစိုးရလက်ထက် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် ပတ်သက်ပြီး အထူးစစ်ဆင်ရေးဆောင်ရွက်မှုအနေဖြင့် ၁၁ ကြိမ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၆ ခုနှစ်တွင်လည်း မူးယစ်ဆေးဝါးတရားခံပြေးများ ဖမ်းဆီးရမိရေးစီမံချက်နှင့် အထူးစစ်ဆင်ရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် စစ်ဆင်ရေးကာလများအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် စခန်း ၁၃ ခု၊ မူးယစ် ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် လွယ်စန့် ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ယာယီစခန်းတစ်ခုကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ပါကြောင်း၊ ယင်းနေရာတွင် မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့်ဆက်စပ်ကိရိယာများ၊ ၎င်းလုပ်ငန်းကို အကာအကွယ်ပေးနေသည့် လက်နက်ကိုင်အဖွဲ့ အစည်းများ၏ လက်နက်/ခဲယမ်း အမြောက်အမြားကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ထိုအချိန်က ကြီးမားသော မူးယစ်ဆေးဝါးထုတ်လုပ်သည့် စခန်းတစ်ခုဖြစ်သည်ဆိုသည့် မှတ်တမ်းရှိကြောင်း ပြောကြားသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ကာလအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် စခန်းငယ်လေးများကိုသာ ဖော်ထုတ်ရမိခဲ့ကြောင်း၊ ယခုဖမ်းဆီးရမိသည့် စခန်းသုံးခုကို အစောပိုင်းက ဗိုလ်ချုပ်ဇော်မင်းထွန်း တင်ပြပြောကြားခဲ့သကဲ့သို့ မူးယစ်ဆေးဝါးသမိုင်းကြောင်း တစ်လျှောက် မိမိတို့နိုင်ငံတွင် အကြီးဆုံးမူးယစ် ဆေးဝါးထုတ်လုပ်သည့်နေရာဖြစ်ကြောင်း ပြောကြား သည်။

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်သည် မူးယစ်ဆေးဝါးထွက်ရှိသည့် အဓိကနေရာတစ်ခုဖြစ်ကြောင်း၊ ယခင်တုန်းကတည်းကလည်း ရွှေတြိဂံဒေသဆိုပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး နာမည်ကြီးထား ပြီးသားဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများကို ဖော်ထုတ် ရှင်းလင်းသည့်လုပ်ငန်းများကို အထူးအလေးထားပြီး စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်သည့်နေရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် နမ့်လန်ဒေသတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် စစ်ကြောင်းသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် နားလင်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၀၀၀၀ ခန့်အကွာတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားခဲ့ရာတွင် ၎င်းတို့၏ စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဤသည်မှာ ဂိတ်ကင်းသဘောမျိုး ဆောင်ရွက်ထားရှိသည့် အနေအထားဖြစ်ကြောင်း၊ ၎င်းတို့၏ စခန်းများကို ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ထားရှိသည့်အနေအထားများဖြစ်ကြောင်း၊ ယင်းစခန်းကို သိမ်းပိုက်ပြီးသည့်နောက် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဆက်လက်၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ အဆိုပါနေရာ၏ အရှေ့ဘက် မီတာ ၈၀၀ ခန့်အကွာတွင် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာတစ်ခုတွင် ဆေးပြားရိုက်စက် တစ်လုံး၊ မွှေစက်တစ်လုံး၊ ဆေးပြားရေတွက်စက် တစ်လုံး၊ အိုက်စ်နှစ်ကီလို၊ စိတ်ကြွဆေးပြား ထုတ်လုပ်ရန် ရောစပ်ထားသည့် အနှစ် ၁၀ ကီလိုပါပုံး တစ်ပုံးအပါအဝင် တင်ပြပါ ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားသည်။

ထိုအခြေအနေများအပေါ်မူတည်၍ မိမိတို့အနေဖြင့် လေကြောင်းကင်းထောက်မှုများနှင့် မြေပြင်တွင် မူးယစ်ဆေးဝါးကိုမလိုလားသည့် ပြည်သူလူထု၏ သတင်းပေးမှုများမှတစ်ဆင့် မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် သီပေါမြို့နယ်ကိုကျော်လွန်၍ မိုင်းရယ်မြို့နယ်အတွင်း မသင်္ကာ ဖွယ်ရာနေရာသုံးခုကို ဖော်ထုတ်ရရှိခဲ့ကြောင်း၊ ယင်းနှင့်ဆက်လက်၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက် ခဲ့ရာ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတွင် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၂၅ ကီလိုမီတာ ခန့် အကွာနေရာ၌ တင်ပြပါ စခန်းတစ်ခုကို တွေ့ရှိခဲ့ကာ ပစ္စည်းများအား သိမ်းပိုက်ရရှိခဲ့ပြီး SSPP/SSA အဖွဲ့မှ ပါဝင်ပတ်သက်နေသည့် တရားခံ ခြောက်ဦး ကို ဖမ်းဆီးရရှိခဲ့ကြောင်း ပြောကြားသည်။

နောက်တစ်ရက် ဇန်နဝါရီလ ၁၁ ရက်နံနက်ပိုင်းတွင် အဆိုပါနေရာ၏ အရှေ့မြောက်ဘက် ၆ ကီလို မီတာခန့်အကွာတွင် မူးယစ်ဆေးဝါးထုတ်လုပ်သည့် စခန်းကို ထပ်မံပြီးသိမ်းဆည်းရရှိခဲ့ကြောင်း၊ ထိုနေ့ နံနက် ၉ နာရီခွဲတွင် မိုင်းရယ်မြို့၏ အနောက် တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ ပထမဆုံးနေရာ ၏အနောက်ဘက်ရှိ မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာတွင် အသုံးပြုသည့် ယာယီအဆောက်အအုံများ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဤနေရာသည် ဖမ်းဆီးရမိသည့် သုံးနေရာထဲတွင် အကြီးဆုံးနေရာဖြစ်ကြောင်း၊ ပထမဆုံး တွေ့သည့်နေရာသည်သေးသော်လည်း ဒုတိယနေရာ မှာ ပထမနေရာထက်ကြီးကြောင်း၊ တတိယတွေ့သည့် နေရာသည် အကြီးဆုံးဖြစ်ကြောင်း၊ မိမိတို့တွေ့ရှိသည့် ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းကိရိယာများကို စက်ရုံတစ်ရုံကဲ့သို့ တည်ဆောက်ပြီး ဆောင်ရွက်နေတာဖြစ်သည့်အတွက် လေ့လာဖော်ထုတ်ချက်အရ ယင်းနေရာများသည် မူးယစ်ဆေးဝါးအမြောက်အမြား ထုတ်လုပ်နေသည့် နေရာများဖြစ်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဧည့်သည်တော်ကြီးများအနေဖြင့်လည်း မြေပြင်ကိုလက်တွေ့ရောက်ရှိသည့်အခါ ယင်းနေရာများ၏ မူးယစ်ဆေးဝါးထုတ်လုပ်နိုင်သည့် စွမ်းအားကို မျက်ဝါးထင်ထင်တွေ့ရှိရမှာဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါနေရာများ၌ စာတန်းပါသည့်မူးယစ် ဆေးဝါးထုပ်ပိုးခွံများကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများကို ထုပ်ပိုးခွံများနှင့်ထုပ်လုပ်ပြီး ဖြန့်ချိခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြန့်ချိရာတွင် ဖမ်းဆီးရမိခဲ့သည့်အထဲ၌ အလားတူ တံဆိပ်များကို များစွာတွေ့ရကြောင်း၊၂၀၂၅ ခုနှစ်အတွင်း အိုက်စ် ၃၇ဒသမ၈ တန်ကျော်ဖမ်းမိတာရှိကြောင်း၊ ဖမ်းမိသည့်အထဲတွင် ယင်းတံဆိပ်များပါ သည့် အိုက်စ်က ၁၃ တန်ကျော်ခန့်ပါဝင်ကြောင်း၊ ဤနေရာများတွင် ထုတ်လုပ်သည့် အိုက်စ်များသည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး ဖမ်းဆီးရမိသည့် အိုက်စ်၏ သုံးပုံတစ်ပုံရှိသည်ကို စိစစ်တွေ့ရှိကြောင်း၊ ၎င်းပမာဏထက် ပိုမိုထုတ်လုပ်လျက်ရှိသည် မှာလည်းသေချာပါကြောင်း၊ ဖမ်းမိသည့် မူးယစ်ဆေးဝါးများ၏ အနည်းဆုံးသုံးပုံတစ်ပုံကို ထိုနေရာများက ထုတ်လုပ်သည်မှာထင်ရှားသည့် သက်သေများဖြစ် ကြောင်း၊ အိုက်စ်တင်မကဘဲ ဘိန်းဖြူဟီရိုအင်းလည်း ထုတ်လုပ်နေသည့်အနေအထား၊ စိတ်ကြွရူးသွပ် ဆေးပြားများ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း၊ထိုနေရာ သုံးခုမှ ပုံမှန်ထုတ်လုပ်သည့်ပမာဏများပြားကြောင်း၊ မိမိတို့နိုင်ငံ၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ ထက်ဝက်နီးပါးခန့်ရှိသည်ဟု သုံးသပ်တွေ့ရှိရကြောင်း။

စိတ်ကြွရူးသွပ်ဆေးဝါးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စိတ်ကြွဆေးပြား ၂၂၇ သန်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် စိတ်ကြွဆေးပြား ၃၇၇ သန်းကျော် ဖမ်းဆီးရမိခဲ့ပါကြောင်း၊  ပမာဏများစွာ တိုးတက်ဖမ်းဆီးရမိခဲ့ခြင်းမှာ ယခုနေရာများမှ မူးယစ်ဆေးဝါးထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်လာသည့်အတွက် ဖမ်းဆီးရမိမှုလည်း တိုးတက်လာသည့်အနေအထားမျိုး သုံးသပ်တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံတကာအသိုက်အဝန်းနှင့်ပူးပေါင်းပြီး စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဟုကတိပြုကြောင်း၊ ကတိအတိုင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးအမြောက်အမြားထုတ်လုပ်သည့် ပင်ရင်းနေရာအား ရှာဖွေဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံ၏ မူးယစ်ဆေးဝါးထုတ်လုပ်မှု ပြဿနာနှင့်ပတ်သက်၍ ယခင်ကရောင်းဝယ် ဖောက်ကားမှုများကို လမ်းကြောင်းများတွင်သာ ရှာဖွေဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ပြီး ယခုဆိုလျှင် ပင်ရင်းထုတ်လုပ်သည့်နေရာအထိ ရှာဖွေဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့ခြင်းကြောင့် ထိထိရောက်ရောက် နှင့် ပြင်းပြင်းထန်ထန်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားသည်။

၂၀၂၆ ခုနှစ်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ၊ ရောင်းဝယ်မှုများ လျော့ကျသွားမည်ဟု သုံးသပ်စိစစ် တွေ့ရှိရကြောင်း၊ ယခုသွားရောက်လေ့လာမည့် နေရာများ ရောက်ရှိသည့်အချိန်တွင် ဧည့်သည်တော်များအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုအခြေအနေ များကို မျက်ဝါးထင်ထင်တွေ့ရှိရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ကာကွယ်ပေးနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများရှိကြောင်း၊ မိမိတို့နိုင်ငံတွင်ရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းများသည် မူးယစ်ဆေးဝါးမှရရှိသည့် ဝင်ငွေကို အဓိကမူတည်ပြီး ၎င်းတို့၏အသက်ရှင် နေထိုင်ရပ်တည်မှု၊ ထောက်ပံ့မှုကိစ္စများအပြင် လက်နက်ခဲယမ်းကအစ ဆောင်ရွက်နေသည်ကိုလည်း ထည့်သွင်းပြောကြားလိုကြောင်း၊ မူးယစ် ဆေးဝါးပြဿနာသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်လည်းပတ်သက်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ အဓိကဝင်ငွေရသည့် လုပ်ငန်းဖြစ်သည့်အတွက်ကြောင့် ထိထိရောက်ရောက် ဆက်လက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း လူသားမျိုးနွယ်စုတစ်ခုလုံး အတွက် အင်မတန်အန္တရာယ်ကြီးမားသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အထူးအလေးထားပြီး ဆက်လက်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆောင်ရွက်ချက်၊ ဖြစ်ပေါ်နေသည့်အခြေအနေ၊ ဖမ်းဆီးရမိသည့် အနေအထား၊ ယင်းတို့နှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဧည့်သည်တော်ကြီးများအနေဖြင့် သွားရောက်ကြည့်ရှုပြီး မေးခွန်းများလည်း မေးမြန်းနိုင်ကြောင်း၊ သွားရောက်ကြည့်ရှုစဉ်တွင်လည်း မေးမြန်းနိုင်ကြောင်း ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်ခဲ့သည့်အကြောင်းအရာများ ၊ မူးယစ်းဆေးဝါးနှင့် EAO အဖွဲ့များဆက်စပ်သည့်ကိစ္စများ၊ ဆောင်ရွက်ရမည့် ကိစ္စများကို ပြောကြားသွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအစိုးရအနေဖြင့် လူသားမျိုးနွယ်စုတစ်စုလုံးကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးကို အမျိုးသားရေး အန္တရာယ်တစ်ရပ်အဖြစ်သတ်မှတ်ပြီး မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ EAO အမည်ခံသောင်းကျန်းသူအဖွဲ့များအနေဖြင့် နိုင်ငံအတွင်းတည်ငြိမ်မှုမရှိအောင် လုပ်ဆောင်ပြီး ထိုအခြေအနေကိုအခွင့်ကောင်းယူကာ ၎င်းတို့အတွက် ဝင်ငွေရလမ်းဖြစ်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းချသည့် အလုပ်များကို လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ ဥပမာအနေဖြင့် သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့ဖြစ်သည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူးရောင်းချမှုများကို အကြိမ်များစွာ ဖမ်းဆီးရမိခဲ့ကြောင်း၊ အဓိကအားဖြင့် ရခိုင်ပြည်နယ်ရှိ ပင်လယ်ပြင်၊ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီးဘက်တို့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအများစုသည် AA သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်နေသည်ကိုတွေ့ရကြောင်း၊ စစ်ဆေးချက်များအရလည်း AA သောင်းကျန်းသူများနှင့် ပတ်သက်သူများကိုသာ  ဖမ်းဆီးရမိကြောင်း၊ ယင်းကဲ့သို့ မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းချခြင်းသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့ကို အထောက်အပံ့ဖြစ်စေသည့် အတွက်ကြောင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသည့် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံထဲတွင် မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်း မရှိပါကြောင်း၊ သောင်းကျန်းသူအဖွဲ့များအနေဖြင့် အခြားနိုင်ငံများမှ နည်းမျိုးစုံသုံးပြီး မြန်မာနိုင်ငံအတွင်းကို ချိတ်ဆက်သယ်ဆောင်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် နိုင်ငံရေး မတည်ငြိမ်မှု၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးပျက်ပြားမှုအခြေအနေများကို အခွင့်ကောင်းယူပြီး ထိုကဲ့သို့ မူးယစ်ဆေးဝါးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်လာကြခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

မိမိတို့မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများနှင့် အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ငန်းများကို တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် လက်တွဲပြီး တက်ကြွစွာ ပူးပေါင်းနှိမ်နင်းဆောင် ရွက်လျက်ရှိနေပါကြောင်း၊ ယင်းကို မိမိတို့အနေဖြင့် အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး အမြစ်ပြတ် ချေမှုန်းဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေပါကြောင်း၊ ယခု မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ အွန်လိုင်းလိမ်လည်သည့်ပစ္စည်းများ အမြောက်အမြား ဖမ်းဆီးရမိသည့်နေရာသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်နှင့် သီပေါအကြား မိုင်းရယ်မြို့၏အနောက် တောင်ဘက်နေရာများ ဖြစ်ပါကြောင်း၊ ယနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြသော မီဒီယာများ၊ သံတမန်များအနေဖြင့် ဤမျှပမာဏများများ၊ ထုထည်ကြီးကြီးဖြင့် လုပ်ဆောင်နေသည်ကို မိမိတို့အစိုးရက မသိဘူးလားဟူ၍ မေးခွန်းထုတ်စရာ ရှိမည်ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး အကြောင်း အချက်နှစ်ချက် ပြောလိုပါကြောင်း၊ ပထမဦးဆုံးအနေဖြင့် ဖမ်းမိသည့်နေရာနှင့် ပတ်သက်ပြီး ပြောရလျှင် ယခင်က ယင်းဒေသတွင်တည်ရှိနေသူများမှာ SSPP/SSA ဝမ်ဟိုင်းအဖွဲ့ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် ခန့်က SSPP/SSA ဝမ်ဟိုင်းအဖွဲ့နှင့် မိမိတို့တပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းဒေသ၏တောင်ဘက် ဟိုက်ပါရေတံခွန်နေရာ၊ ပါချီးလမ်းခွဲတို့တွင် ၂၀၁၃ ခုနှစ် လောက်က SSPP/SSA ဝမ်ဟိုင်းအဖွဲ့ ဝင်လာသဖြင့် တပ်မတော်နှင့် တိုက်ပွဲဖြစ်ခဲ့ဖူးပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးနိုင်ရန် ရည်ရွယ်ပြီး ၂၀၁၄ ခုနှစ်ကစ၍ ဆွေးနွေးမှုများလုပ်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးကမ်းလှမ်းမှုများလုပ်ခဲ့ကြောင်း၊ ထိုသို့ ဆွေးနွေးမှုများ လုပ်ဆောင်ရာတွင်(SSPP/SSA) ဝမ်ဟိုင်းအဖွဲ့လည်းပါဝင်ခဲ့ကြောင်း၊ ၎င်းတို့က၎င်းတို့ အတွက် နယ်မြေသတ်မှတ်ပေးရန် အကြိမ်ကြိမ်ညှိနှိုင်းခဲ့သည့်အတွက် မိမိတို့က ငြိမ်းချမ်းရေးသဘောတူညီချက်များလုပ်ခဲ့ပြီး ဟိုက်ပါရေတံခွန်၊ ပါချီးလမ်းခွဲ နေရာတို့ကို စစ်ဆင်ရေးများလုပ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ၎င်းတို့၏ဌာနချုပ် ဝမ်ဟိုင်းနေရာနားအထိ မိမိတို့တပ်မတော်က ရောက်ရှိခဲ့ကြောင်း၊ ဝင်သိမ်း၍ ရသည့်အခြေအနေရှိခဲ့ကြောင်း၊ သို့သော် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကြောင့် မိမိတို့အနေဖြင့် ဝမ်ဟိုင်းနေရာကို အသိအမှတ်ပြုခဲ့ကြောင်း၊ ထို့နောက် မိမိတို့တပ်များကို စစ်ဆင်ရေးရုပ်သိမ်းပြီး ပြန်လည်ဆွေးနွေးခဲ့ကြောင်း၊ စစ်ဆင်ရေးရပ်တန့်ပေးခဲ့ပြီးနောက်ပိုင်း ထိုဒေသတစ်ဝိုက်တွင် မူးယစ်ဆေးနှင့်ပတ်သက်သည့် သတင်းများရရှိ၍ တပ်မတော်က ဝင်ရောက်ရှင်းလင်းပြီး SSPP/SSA ဝမ်ဟိုင်းအဖွဲ့ကို ပထမဦးဆုံးအကြိမ် သတိပေးမှုများပြုလုပ်ခဲ့ရပါကြောင်း ပြောကြားသည်။

ဒုတိယအကြောင်းအရင်းက ပိုပြီးအရေးကြီးပါကြောင်း၊ ယခုမူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း ဖမ်းဆီးရမိသည့်နေရာများသည် ယခင်က တပ်မတော်၏ စိုးမိုးမှုရှိပြီး အဖြူရောင်နယ်မြေဖြစ်ပါကြောင်း၊ သီပေါနှင့် မိုင်းရယ်အကြား ဆက်သွယ်ထားသည့် လမ်းနှင့် အနီးတစ်ဝိုက်တွင်ရှိသည့် စိန်ကြော့၊ဆောင်ကြဲ၊ တောင်ဘက်နမ့်လန်တို့တွင် တပ်မတော်ရှိပါကြောင်း၊ သို့သော် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ တွင် ၁၀၂၇ အမည်ခံ စစ်ရေးလှုပ်ရှားမှုနှင့် MNDAA  ၏ လှုပ်ရှားမှုပေါ်လာပြီး လားရှိုးအပါအဝင် ထိုနေရာ များမှတပ်များ ခေတ္တဆုတ်ခွာခဲ့ရပါကြောင်း၊ ထို့နောက် ယင်းနေရာတွင် မိမိတို့နယ်မြေစိုးမိုးမှုမရှိသည့် နေရာဖြစ်သွားကြောင်း၊ နောက်ပိုင်းတွင် မိမိတို့နိုင်ငံနှင့် တရုတ်နိုင်ငံ၊ MNDAA အဖွဲ့တို့ ဟိုင်ဂင်ဆွေးနွေးပွဲ၏ နောက်ဆက်တွဲ သဘောတူညီချက်များအရ MNDAA အနေဖြင့် လားရှိုးမှဆုတ်ခွာခဲ့ကြောင်း၊ ဆုတ်ခွာပေးလိုက်သည့်နေရာတွင်လည်း မိမိတို့တွင်သတ်မှတ်ပေးသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစည်းကမ်းများရှိကြောင်း၊ ယင်းပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စည်းကမ်းများအရ နှစ်ဖက်တပ်များသည် နေရာချထားသည့် နေရာများတွင် ရှေ့မတိုး၊ နောက်မဆုတ်သာရှိခဲ့ကြောင်း၊ ယင်းကို အခွင့်ကောင်းယူပြီး ထိုဒေသ များတွင်ရှိသည့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခဲ့ဖူးသည့်၊ ဇရှိသည့် မူးယစ်ဆေးဝါးသမားများ၊ ဝိသမလောဘသားများ၊ မရိုးသားမရိုးဖြောင့်သည့် EAOများနှင့်ပူးပေါင်းပြီး မူးယစ်ဆေးဝါးထုတ်လုပ် သည့်နေရာများထူထောင်ခြင်း၊ မူးယစ်ဆေးဝါးချက်လုပ်ခြင်း၊ အွန်လိုင်းလိမ်လည်မှုကျူးလွန်ခြင်းများကို လုပ်ဆောင်လာကြခြင်းဖြစ်ပါကြောင်း၊ “တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ်” ကြခြင်းပဲဖြစ်ပါကြောင်း ပြောကြားသည်။

၂၀၂၅ ခုနှစ်အတွင်းတွင် တပ်မတော်အနေဖြင့် နယ်မြေများအခြေကျလာသည်နှင့်အမျှ နယ်မြေ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် မိုင်းဟဒေသ၊ နိုဝင်ဘာလအတွင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီးနှင့် ဒီဇင်ဘာလအတွင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအနီးတို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်း လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများနှင့် လောင်းကစား လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့မှုများရှိခဲ့ပါကြောင်း ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလအတွင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့အကြားတွင် အွန်လိုင်းလိမ်လည်မှုလုပ်နေသည့် နေရာများ ရှိသည်ဆိုပြီး သတင်းရရှိခဲ့ပါကြောင်း၊ လေကြောင်းကင်းထောက်မှုများ၊ မြေပြင်သတင်းစုံစမ်းခြင်းများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပါကြောင်း၊ အွန်လိုင်းလိမ်လည်မှုသာမက မူးယစ်ဆေးဝါးနှင့်လည်း ပတ်သက်နေကြောင်းတွေ့ရသည့်အတွက် နိုင်ငံတော် အစိုးရနှင့် တပ်မတော်အနေဖြင့် လျှပ်တစ်ပြက် အထူးစစ်ဆင်ရေးကို ထိရောက်ပြင်းထန်စွာ ဆောင်ရွက်ရန်ဆုံးဖြတ်ပြီး စစ်ဆင်ရေးစတင်ခဲ့ပါကြောင်း၊ စစ်ဆင်ရေးကို ဆောင်ရွက်ရာတွင် တပ်မတော်က တပ်ရင်းသုံးရင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲကွန်မန်ဒို တပ်ခွဲသုံးခွဲနှင့် အင်ပြည့်အားပြည့် ဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ဆင်ရေးနယ်မြေတစ်ခုလုံးကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က တိုက်ရိုက်ကွပ်ကဲပြီး နယ်မြေဒေသအနီးကပ်ကွပ်ကဲမှုကို အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ကွပ်ကဲခဲ့ပါကြောင်း၊ မြေပြင်တပ်များကွပ်ကဲမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်ကိုယ်တိုင် ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သမိုင်းတစ်လျှောက် မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးတွင် အကြီးမားဆုံးနှင့် ပမာဏအများဆုံးရှင်းလင်း၊ ဖျက်ဆီး၊ ဖမ်းမိသည့် စစ်ဆင်ရေးဖြစ်ပါကြောင်း၊ ဤစစ်ဆင်ရေး၏ မည်မျှ ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ခဲ့ရမှု၊ နယ်မြေဒေသ ၏ခက်ခဲမှု၊ ပါဝင်ခဲ့ရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ်သော တာဝန်ထမ်းဆောင်မှုများကို လူကြီးမင်းတို့ ကွင်းဆင်းကြည့်ရှုလျှင် လက်တွေ့ မကြာခင်တွေ့ရမည်ဖြစ်ကြောင်း၊ စစ်ဆင်ရေးကို အောင်မြင်အောင် ကြီးကြပ်ကွပ်ကဲခဲ့သည့် တာဝန်ရှိသူများ၊ မြေပြင်တွင် ခက်ခက်ခဲခဲတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ချီးကျူးလေးစား ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် နိုင်ငံတော်အစိုးရက ဆုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀၀ ကို စစ်ဆင်ရေးနယ်မြေမှာပင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မိမိတို့က လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လက်ရောက် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဂုဏ်ယူစွာပြောကြားလိုပါကြောင်း၊ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ စစ်ဆင်ရေးကြာချိန် ဇန်နဝါရီ ၈ ရက်မှ ဇန်နဝါရီ ၁၂ ရက်အထိ ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသည့် ဒုတိယနေရာမှ လက်ရှိသိမ်းဆည်းရမိသည့် ဓာတုပစ္စည်းများအပေါ် ခန့်မှန်းတွက်ချက်မှုအရ အိုက်စ် ၂၇ တန်ခန့် (တန်ဖိုးငွေကျပ် ၅၄၀ ဘီလီယံ) ထုတ်လုပ်နိုင်ပြီး စိတ်ကြွဆေးပြား အဖြစ်ပြောင်းလဲ ထုတ်လုပ်မည်ဆိုလျှင် စိတ်ကြွ ဆေးပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ အကယ်၍သာ ထိုစိတ်ကြွဆေးပြားများ ဈေးကွက်ထဲ ရောက်ရှိသွားမည်ဆိုလျှင် ငွေကျပ် ၁၆၂၀ ဘီလီယံခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ပျံ့နှံ့သွားမည်ဖြစ်ပါကြောင်း၊ နောက်တစ်ခုက ထိုနေရာတွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ ကို လေ့လာဖော်ထုတ်သုံးသပ်ချက်အရ အိုက်စ် ၂၇ တန် (သို့မဟုတ်) စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့်ထက်ပိုမိုများပြားသည့် မူးယစ်ဆေးဝါးများကို ပုံမှန်ထုတ်လုပ်နိုင်မည်ဆိုသည်ကို စိစစ်တွေ့ရှိရပါကြောင်း ပြောကြားသည်။

ထို့နောက် မိမိတို့တွေ့ရှိရသည်မှာ မြန်မာနိုင်ငံ အတွင်းတွင် ယခင်ကဖမ်းဆီးရမိခဲ့သည့် မူးယစ် ဆေးဝါးများ၏ ထုပ်ပိုးမှု(Packaging)ပုံစံအတိုင်းကို ဒီမှာတွေ့ရှိသည့် စက်ကိရိယာများနှင့် ထုတ်လုပ်ထားသည့် မူးယစ်ဆေးဝါးထုပ်ပိုးမှု(Packaging)ပုံစံများ က ထပ်တူကျနေခြင်းဖြစ်ပါကြောင်း၊ ယင်းဒုတိယနေရာ နှင့် တတိယနေရာတို့တွင် GUAN YIN WANGစာတန်း ပါသည့် ထုပ်ပိုးခွံများနှင့် တရုတ်စာတန်းပါသည့် ထုပ်ပိုးခွံအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ပါ ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း မိမိတို့ မြန်မာတစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိခဲ့သည့် အိုက်စ် ၃၇ ဒသမ ၈၁၅ တန်ထဲတွင် GUAN YIN WANG စာတန်းပါသည့် ထုပ်ပိုးခွံ နှင့် ထုပ်ပိုးထားသည့် အိုက်စ် ၁၁ ဒသမ ၆၈၆ တန်နှင့် တရုတ်စာတန်းပါ ထုပ်ပိုးခွံနှင့် ထုပ်ပိုးထားသည့် အိုက်စ် သုည ဒသမ ၉၆ တန် စုစုပေါင်း ၁၂ ဒသမ ၆၄၆ တန် (စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၂၅၂ ဒသမ ၉၂ ဘီလီယံ) ဖမ်းဆီးရမိခဲ့ခြင်းကို စိစစ်တွေ့ရှိရသည့် အတွက် ထိုနေရာနှစ်ခုမှ ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် ပမာဏသည် ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိခဲ့သည့် အိုက်စ်ပမာဏ၏ ၃၃ ဒသမ ၄၄ ရာခိုင်နှုန်းခန့်ရှိကြောင်း ဖော်ထုတ်တွေ့ရှိရပါ ကြောင်း၊ ထို့ကြောင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာ သုံးခုသည် မိမိတို့ မြန်မာနိုင်ငံအတွင်းတွင် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်နိုင်သည်ဟု စိစစ်တွေ့ရှိ ရပါကြောင်း ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တင်ပို့ရောင်းချသည့် လမ်းကြောင်းများရှိကြောင်း၊ မိမိတို့ ဖော်ထုတ် ဖမ်းဆီးရရှိသည့် လမ်းကြောင်းများကို အနည်းငယ် မိမိရှင်းပြလိုကြောင်း၊ ထိုလမ်းကြောင်းများသည် အများအားဖြင့် သီပေါမှ၊ မိုင်းရယ်ဒေသမှအောက်ဘက်ကို ထွက်သည့်လမ်းကြောင်းရှိကြောင်း၊ ထွက်သည့် လမ်းကြောင်းများတွင် ပင်လယ်ပြင်၌ ဖမ်းဆီးရမိသည်များမှာ မလေးရှားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ပို့ဆောင်ခြင်းများရှိကြောင်း၊ ယင်းနိုင်ငံများ သို့ပို့သည့် ရေလမ်းကြောင်းတွင် တွေ့ရှိရသည်များမှာ AA အကြမ်းဖက် သောင်းကျန်းသူများနှင့်ပတ်သက် ကြောင်း၊ ဖမ်းဆီးရမိသည်များမှာလည်း AA အကြမ်း ဖက်သောင်းကျန်းသူများက ဦးစီးပြီးလုပ်နေသည်ကို တွေ့ရကြောင်း၊ နောက်တစ်လမ်းကြောင်းသည် လွိုင်ကော်၊ တောင်ငူဘက်ကနေပြီး ထိုင်းနိုင်ငံထဲသို့ ဝင်သည့် လမ်းကြောင်းဖြစ်ကြောင်း၊ ယင်းနေရာကို သွားသည့်လမ်းကြောင်းများသည် KNU/KNLA၊ NUG၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်နေသည်ကို တွေ့ရကြောင်း၊ နောက်တစ်ခု အနေဖြင့် ကလေးဝဘက်၊ ကလေးဘက်လမ်းကြောင်း၊ ယင်းနေရာများတွင်လည်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုဖမ်းဆီးရမိမှုများသည် အများအားဖြင့် PDF၊ CDF ချင်းကာကွယ်ရေးတပ်ဖွဲ့ဟု အမည်ခံထားသည့် အဖွဲ့များနှင့်ပတ်သက်နေသည်ကို တွေ့ရကြောင်း၊ အနှစ်ချုပ်ပြောရမည်ဆိုလျှင် ယင်းနေရာများမှ ထွက်ပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအများစုသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ထုတ်လုပ်ရေးလုပ်ငန်း များတွင် တချို့သော မရိုးဖြောင့်သည့် EAO အဖွဲ့များ နှင့် တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း၊ ၎င်းတို့၏ ငွေရလမ်းကြောင်းသည် ယင်းလုပ်ငန်းသည် အဓိကဖြစ်နေသည်ကို တွေ့ရကြောင်း ပြောကြားသည်။

မူးယစ်ဆေးဝါးလုပ်ငန်းများသည် မိမိတို့ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်း နိုင်ငံများအတွက်ပါ အန္တရာယ်သဖွယ် ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ် ဆေးဝါးပပျောက်ရေးကို နိုင်ငံတိုင်းကလည်း အမျိုးသားရေးတာဝန်အဖြစ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်မှသာ ပိုမိုအောင်မြင် မည်ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာ ကပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြမည်ဆိုလျှင် ယခုထက်ပိုပြီး လျင်လျင်မြန်မြန်နှင့် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

မိမိတို့ မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး တစ်မျိုးသားလုံးကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းချသည့် လုပ်ငန်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် အကျိုးယုတ်စေမည့် လုပ်ငန်းများဖြစ်သကဲ့သို့ ဒေသတွင်းနိုင်ငံများကိုပါ အန္တရာယ်ကျရောက်စေမည့်လုပ်ငန်းများ ဖြစ်သဖြင့် မိမိနိုင်ငံရှိ ပြည်သူအားလုံး၊ နိုင်ငံတကာအဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် ရရှိလာသည့် သတင်းများကို တာဝန်ရှိသူများထံ အချိန်မီပေးပို့ကြရန်၊ သတင်းဖလှယ် ကူညီပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ အားလုံးကိုကျေးဇူးတင်ကြောင်း ပြောကြားသည်။

သတင်းစဉ်