နေပြည်တော် ဇန်နဝါရီ ၂၉
လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် အမှာစကား ပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် လွှတ်တော်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း။
ထို့ပြင် တတိယအကြိမ် လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်ရမည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများကို အတည်ပြုပြီးချိန်တွင် ဖိတ်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို အချိန်မီဆောင်ရွက်နိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ အဆင်ပြေ ချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရန် ရိပ်သာများ ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိရေး၊ လွှတ်တော်အစည်းအဝေးများ ကျင်းပစဉ်နှင့် ရပ်နားစဉ်ကာလတို့တွင် လွှတ်တော်ဝင်းအတွင်း/ အပြင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့် နေရာများတွင် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိရေး၊ လွှတ်တော်ကိုယ်စားလှယ်များ အတွက် စားသောက်ရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ၊ သွားလာရေးအဆင် ပြေစေရေးအတွက် သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များကိုလည်း စနစ်တကျဆောင် ရွက်ထားရှိရေး၊ လွှတ်တော်အသီးသီးရှိ တယ်လီဖုန်းဆက်သွယ်မှု စနစ်များ၊ e-Voting စနစ်နှင့် Delegate Unit များ၊ LED board များ ကောင်းမွန်စွာ
အသုံးပြုနိုင်ရေးတို့အတွက်လည်း စမ်းသပ် လေ့ကျင့်မှုများ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
အလားတူ ငလျင်ဒဏ်ကြောင့် လွှတ်တော်ပရဝဏ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ လမ်း၊ တံတားများ အဆင့်မြှင့်ပြန်လည် ပြင်ဆင်ထားရှိမှု စနစ်တကျရှိစေရေး၊ လွှတ်တော်အသီးသီး၏ လွှတ်တော် အစည်းအဝေး ကျင်းပမှု သတင်းမှတ်တမ်းများ ရိုက်ကူးထုတ်လွှင့်ခြင်းနှင့် ရုပ်/သံ စက်ပစ္စည်းများ ကောင်းမွန်စေရေး၊ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ၏ သတင်းရယူရေး ကိစ္စရပ်တို့တွင်လည်း စနစ်တကျနှင့် အဆင်ပြေ ချောမွေ့စေရေး တို့ကို ကော်မတီအလိုက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရမည် ဖြစ်သည့်အတွက် ယခုအစည်းအဝေးတွင် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တတိယအကြိမ် လွှတ်တော်အသီးသီး၏ လွှတ်တော် အစည်းအဝေးများ စနစ်တကျဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်း ကော်မတီများအလိုက် တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ရှင်းလင်း တင်ပြချက်များအပေါ် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ အစည်းအဝေး အပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လွှတ်တော်ဝင်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များသို့ သွားရောက်၍ လွှတ်တော် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


