ရန်ကုန် ဖေဖော်ဝါရီ ၂

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၈)၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ တက္ကသိုလ်ရှိ ကေတုမတီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင်ဦးစိုးတင့်က နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအသီးသီး၌ စီမံခန့်ခွဲမှု တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့် အရာထမ်းများအား နိုင်ငံတော်၏ မူဝါဒလုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ကောင်းစွာ သိရှိနားလည်သဘောပေါက်စေရန်၊ နိုင်ငံတော်၏လက်ရှိ အခြေအနေနှင့်ပတ်သက်၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာများကို သိရှိနားလည်စေရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကို သိရှိပြီး စီမံခန့်ခွဲရေးလုပ်ငန်း တာဝန်ထမ်းဆောင်ရာတွင် ဥပဒေနှင့်အညီ ကျင့်သုံးလိုက်နာ ဆောင်ရွက်တတ်စေရန်၊ စီမံခန့်ခွဲရေးဆိုင်ရာ ခေတ်နှင့်လျော်ညီသော အယူအဆသစ်များကို လေ့လာသိရှိစေရန်နှင့် မိမိတာဝန်ယူရသည့် စီမံခန့်ခွဲအုပ်ချုပ်ရေးကဏ္ဍတွင် ဦးဆောင်နိုင်မှုစွမ်းရည် မြင့်မားလာစေရန်၊ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ကာ နိုင်ငံတော်၏ အဆင့်မြင့် တာဝန်များကို အောင်မြင်စွာ သယ်ပိုးထမ်းရွက်နိုင်မည့် အနာဂတ်နိုင်ငံ့ဝန်ထမ်းကောင်းဖြစ်စေရေး ရည်ရွယ် လေ့ကျင့်ပေးမည့် သင်တန်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ပြီး နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ရန် လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆)ချက်ကို ဦးထိပ်ထားပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)၊ နိုင်ငံ့ဝန်ထမ်းဥပဒေ ၊နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ အမိန့်နှင့် ညွှန်ကြား ချက်များနှင့်အညီ ပြုမူနေထိုင် ကြရမည်ဖြစ်ကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဟူသော ဆောင်ပုဒ်နှင့်အညီ ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။

 

အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၈)ကို ဖေဖော်ဝါရီ ၂ ရက်မှ မတ်၂၆ ရက်အထိ သင်တန်း သား ၂၂ ဦး၊ သင်တန်းသူ ၂၇ ဦး စုစုပေါင်း ၄၉ ဦးဖြင့် ဖွင့်လှစ်မည် ဖြစ်သည်။

 

ထို့နောက် အဖွဲ့ဝင်ဦးစိုးတင့်သည် တက္ကသိုလ်အတွင်း ဖွင့်လှစ်လျက်ရှိသည့် သင်တန်းသား အိပ်ဆောင်များကို ကြည့်ရှုပြီး တက္ကသိုလ်အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများအား တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။

 

ထို့ပြင် စာရေးဝန်ထမ်းကြီးကြပ် သင်တန်း အမှတ်စဉ်(၉၉)နှင့် စာရေးဝန်ထမ်း သင်တန်းအမှတ် စဉ်(၂၁၇) သင်တန်းဖွင့်ပွဲကို နံနက် ၇ နာရီတွင်လည်းကောင်း၊ အရာထမ်း အခြေခံသင်တန်း အမှတ်စဉ်(၂၂၅) သင်တန်းဖွင့်ပွဲကို နံနက် ၈ နာရီတွင်လည်းကောင်း ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ ပါမောက္ခ ချုပ် ဦးကျော်ထွေး၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ကြီး ဌာနများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

အဆိုပါ စာရေးဝန်ထမ်းကြီးကြပ် သင်တန်း အမှတ်စဉ်(၉၉)သို့ သင်တန်းသား ၂၆ ဦး ၊ သင်တန်းသူ ၆၅ ဦး စုစုပေါင်း ၉၁ ဦး၊ စာရေး ဝန်ထမ်း သင်တန်းအမှတ်စဉ် (၂၁၇)သို့ သင်တန်းသား ၁၄၈ ဦး၊ သင်တန်းသူ ၂၄၃ ဦး စုစုပေါင်း ၃၉၁ ဦး၊ အရာထမ်းအခြေခံ သင်တန်း အမှတ်စဉ် (၂၂၅) သို့ သင်တန်းသား ၉၁ ဦး၊ သင်တန်းသူ ၁၁၈ ဦး စုစုပေါင်း ၂၀၉ ဦး၊ တက်ရောက်ကြပြီး သင်တန်းကို ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၂၆ ရက် အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်