ကြောင် ဖြူသည် မည်းသည်ကသာမည ကြွက်ခုတ်ဖို့ကအဓိက

တရုတ်နိုင်ငံ၌ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များ အကောင်အထည်ဖော်မှု နှစ် ၄၀ ပြည့်မြောက်သည့် အခါသမယတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အားကြိုးမာန်တက်စွမ်းဆောင် ကြိုးပမ်းခဲ့သူပုဂ္ဂိုလ် ၁၀ဝ ကျော်အား ဆုတံဆိပ်များ ချီးမြှင့်အပ်နှင်းလိုက်သည်ဆိုသော သတင်း တစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ကျွန်ုပ်တို့၏ အိမ်နီးချင်းနိုင်ငံကြီး၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်ကို သမင်လည်ပြန်ငဲ့စောင်းလျက် လျှပ်တစ်ပြက် စေ့ငုလေ့လာမိလေ၏။

 

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ က တရုတ်နိုင်ငံအား ဈေးကွက်စီးပွား ရေးစနစ်ဆီသို့ ဦးဆောင်သွားခဲ့သူသည်ကား ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် (၁၉၀၄ ဩဂုတ် ၂၂ - ၁၉၉၇ ဖေဖော်ဝါရီ ၁၉) ဖြစ်၏။ တိန့်သည် ပြုပြင်ပြောင်းလဲရေးဝါဒီဖြစ်ပြီးလျှင် သူ့အား နှောင်းလူတို့က မာ့ခ်စ်ဝါဒီ၊ တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ စစ်ရေးကျွမ်းကျင်သူ၊ နိုင်ငံခြားရေးသံတမန် စသည်ဖြင့် အနွတ္ထသညာများ ပေးခဲ့ကြလေသည်။

 

ပဉ္စမမျိုးဆက် 

 

ဥက္ကဋ္ဌကြီးမော်စီတုန်းက ပထမမျိုးဆက်၏ ခေါင်းဆောင်၊ တိန့်ရှောင်ဖိန်က ဒုတိယမျိုးဆက်ခေါင်းဆောင်၊ ကျန်ဇီမင်းက တတိယ မျိုးဆက်ခေါင်းဆောင်၊ ဟူကျင်တောင်က စတုတ္ထမျိုးဆက်ခေါင်းဆောင်နှင့် ရှီကျင့်ဖျင်က ပဉ္စမမျိုးဆက် ခေါင်းဆောင်အဖြစ် စီးပွားရေးပြုပြင် ပြောင်းလဲမှုအစီအစဉ်ကို အခြေပြု၍ နိုင်ငံတော်ကြီး စည်ပင်ပြန့်ပွားအောင် အစဉ်အဆက် ကြိုးပမ်းရွက်ဆောင်ခဲ့ကြပုံကို ကျွန်ုပ်အကျဉ်းရုံးမျှ ကမ္ပည်း မော်ကွန်းတင်မိ၏။

 

စီချွမ်းပြည်နယ် ကွမ်အန်းဇာတိဖွား တိန့်ရှောင်ဖိန်သည်ကား ဟောင်ကောင်နှင့် မကာအိုတို့ကို “တစ်ပြည်ထောင် စနစ်နှစ်မျိုး” ကျင့်သုံးရန် ဖော်မြူလာထုတ်ခဲ့သူပါပေတည်း။ တရုတ်တစ်ပြည်လုံး ပြန်လည် ပေါင်းစည်းရေးအလို့ငှာ ၁၉၈၀ ပြည့်လွန် အစောပိုင်းကာလတွင် ယင်း ဖော်မြူလာကို အဆိုပြုခဲ့သူဖြစ်၏။ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံတစ်နိုင်ငံ တည်းသာရှိသည်၊ ဟောင်ကောင်၊ မကာအိုတို့တွင် အရင်းရှင်စီးပွားရေးနှင့် နိုင်ငံရေးစနစ်တို့ကို ကျင့်သုံးကာ ကျန်ဒေသများ၌ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးရန် သူက အကြံပြုခဲ့၏။

 

၁၉၈၄ ခုနှစ်တွင် ခေါင်းဆောင်ကြီးတိန့်သည် ဗြိတိသျှဝန်ကြီးချုပ် မာဂရက်သက်ချာနှင့် တွေ့ဆုံစဉ် ဟောင်ကောင်အနာဂတ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်အား ငှားရမ်းထားသည့် နှစ်ကာလစေ့ရောက်ချိန်မတိုင်မီ ယင်းသို့ဆွေးနွေးခြင်း ဖြစ်သည်။ ဟောင်ကောင်၌ “တစ်ပြည်ထောင် စနစ်နှစ်မျိုး” ကျင့်သုံးရန် တိန့်က ဗြိတိန်ခေါင်းဆောင်အား ထိုစဉ်ကပင် အဆိုပြုခဲ့သည်။ အလားတူ ပင် ယင်းစနစ်ကို မကာအို၌ ကျင့်သုံးရန်လည်း ပေါ်တူဂီနှင့် ဆွေးနွေးခဲ့ စဉ်က အဆိုပြုခဲ့သည်။

 

တရုတ်မူတရုတ်ဟန် 

 

တရုတ်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်ကြီးတိန့် ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးဝါဒီများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ က “ဘဝ လွတ်မြောက်မှုအတွက် ကြိုးပမ်းကြ”၊ “အမှန်တရားကိုရှာဖွေကြ” ဟူသော ကြွေးကြော်သံနှင့်အတူ စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို မယွန်းမတိမ်း၊ မတိမ်းမစောင်းအောင် အားသွန်ခွန်စိုက် တွန်းတွန်းတိုက်တိုက် ညီညီညွတ်ညွတ် လုပ်ဆောင်ခဲ့ကြလေသော် ယနေ့ကာလတွင် ယင်းနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ)မှာ ၁၉၇၈ခုနှစ်က ရှိခဲ့သည့် ကိန်းဂဏန်းများနှင့်နှိုင်းယှဉ်လျှင် အဆ ၉၀ ကျော်တိုးတက်လာခဲ့ချေပြီတကားဟု အောင်ဇေယျတုစကား ဆိုနိုင်ပေလိမ့်မည်။

 
ပြုပြင်ပြောင်းလဲရေးဟုဆိုသော်လည်း ပြုပြင်ပြောင်းလဲရေးတစ်ခု တည်းမဟုတ်မူ၍ “တံခါးဖွင့်ဝါဒ” (ဝါ) Opening up သည်လည်း တစ်ပြိုင်နက် တစ်ချက်တည်းပါ၏။ အရိုးကို အရွက်မဖုံးစေရဟူဘိသို့ တရုတ်နိုင်ငံ၏ သွင်ပြင်လက္ခဏာများကို ဆိုရှယ်လစ်စနစ်နှင့် ပေါင်းစပ် လေသော် “ရောသမမွှေ” စီးပွားရေး (ဝါ) Mixed economy ဖြစ်တည် လာ၏။

 

ရှိန်းကျိန့်မြို့မှသည် 

 

တရုတ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် လမ်းပြရှေ့ဆောင် မြို့တစ်မြို့အဖြစ် ရပ်တည်သောမြို့သည်ကား ရှိန်းကျိန့်မြို့ဖြစ်၏။ (စကားချပ်-ရှိန်းကျိန့်မြို့၏ အင်္ဂလိပ်စာလုံးပေါင်းမှာ Shenzhen ဟူ၏)

 

ပြုပြင်ပြောင်းလဲရေးသမိုင်းစဉ်ကို စီခြယ်ကြည့်လျှင် ရှိန်းကျိန့်မြို့သည် ရိုးရိုးကုပ်ကုပ် တည်ရှိခဲ့သော မြို့ငယ်တစ်မြို့ဘဝမှ ၁၉၇၉ ခုနှစ်တွင် မြို့ကြီး တစ်မြို့အဖြစ် သတ်မှတ်ခံခဲ့ရသည်။

 

ကွမ်တုံပြည်နယ်၏ မြို့ကြီးတစ်မြို့ဖြစ်လာသော ယင်းမြို့သည် ပုလဲမြစ်၏ မြစ်ဝကျွန်းဒေသ၌ တည်ရှိပြီးလျှင် တောင်ဘက်စွန်းအရပ်၌ ဟောင်ကောင် ကျွန်းနှင့် နယ်နိမိတ်ချင်း ထိစပ်တည်ရှိနေသည်။

 

တရုတ်နိုင်ငံ၏ ပထမဆုံးသော အထူးစီးပွားရေးဇုန်ကို ရှိန်းကျိန့်မြို့၌ ၁၉၈၀ ပြည့်နှစ်တွင် ထူထောင်ခဲ့၏။ ဒေသခံများရော၊ ရွှေ့ပြောင်းလုပ်သားများရော ထည့်သွင်းစဉ်းစားလျှင် လူဦးရေသန်း ၂၀ ခန့်နေထိုင်ရာ ရှိန်းကျိန့်မြို့သည် ၁၉၉၀ ပြည့်လွန်နှင့် ၂၀ဝ၀ ပြည့်နှစ် ဤနှစ်ကာလများအတွင်း ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံးနှုန်းဖြင့် တိုးတက်နေသော ကမ္ဘာ့မြို့ကြီးများတွင် ပါဝင်လာပြီဖြစ်သည်။

 

ရှိန်းကျိန့်မြို့သည် ယနေ့ကာလတွင် နည်းပညာအချက်အချာပြုရာ ကမ္ဘာ့ ထိပ်တန်းမြို့ကြီးတစ်မြို့အဖြစ် ရပ်တည်လျက်ရှိရာ ဒုတိယမြောက် ]]ဆီလီကွန် ဗယ်လီ}}ဟူ၍ မီဒီယာများက ခေါ်ဝေါ်သမုတ်ကြလေသည်။

 

နိုင်ငံတကာ၌ ဖြန့်ကြက်လုပ်ကိုင်နေကြသော ကုမ္ပဏီကြီးများသည် ယင်း မြို့၌ အခြေစိုက်ထားကြပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးဗဟိုချက်ပြုရာ မြို့ကြီးများ အညွှန်းကိန်းတွင် အဆင့်-၁၂ ရရှိထားကာ ကမ္ဘာပေါ်တွင် ကုန် သေတ္တာတင်သင်္ဘော အဝင်အထွက်အများဆုံး ပင်လယ်ဆိပ်ကမ်းမြို့ကြီးများ စာရင်းတွင်လည်း ပါဝင်လာခဲ့ပြီဖြစ်သည်။

 

သမိုင်းမှတ်တိုင် 

 

တရုတ်နိုင်ငံ၏ အထူးစီးပွားရေးဇုန် ငါးခုတွင် ပထမဆုံးသောဇုန်အဖြစ် ၁၉၈၀ ပြည့်နှစ် မေလတွင် ရွေးချယ်သတ်မှတ်ခံခဲ့ရသည်။ ၁၂၆ ဒသမ ၄ စတုရန်းမိုင်ကျယ်ဝန်းသော အထူးစီးပွားရေးဇုန်ကို ထူထောင်ရခြင်းမှာ “ဈေးကွက်အရင်းရှင်စနစ်”ကို လက်တွေ့စမ်းသပ်နိုင်ရန် ရည်ရွယ်ခဲ့သည် ဆို၏။

 

တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာမြို့ကြီးအဖြစ် တည်ရှိလာခြင်းနှင့် အတူ ကမ္ဘာပေါ်တွင် ကုန်ထုတ်လုပ်မှု အများဆုံးရှိနေသော မြို့ကြီးအဖြစ် ရပ်တည်လာပြီဖြစ်သည်။

 

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ထုတ်ကုန် ပစ္စည်းများ၊ အီလက်ထရွန်နစ် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်သော ကုမ္ပဏီအရေအတွက် သောင်းနှင့်ချီ၍ အခြေစိုက်ရာ ရှိန်းကျိန့်မြို့သည် စက်ရုပ်များ၊ လျှပ်စစ်ကားများနှင့် ဉာဏ်ရည်တုနည်းပညာသုံး ထုတ်ကုန် ပစ္စည်းများကဲ့သို့သော အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းတည်ရာ မြို့ကြီးအဖြစ်လည်းကောင်း၊ စမ်းသပ်တီထွင်မှုကိုအခြေပြုသော လုပ်ငန်း များစုဝေးရာ မြို့ကြီးအဖြစ်လည်းကောင်း ရပ်တည်လျက်ရှိလေပြီ။

 

ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒတို့ကို ဖော်ဆောင်မှု နှစ်ပေါင်း ၄၀ ပြည့်မြောက်သည့် အခါသမယမှာ တရုတ်ကွန်မြူနစ်ပါတီအတွက် သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်ပေလိမ့်မည်။

 

ဆိုရှယ်လစ်ဝါဒတည်းဟူသော အလံတော်သည် မိမိတို့၏မြေပေါ်တွင် အစဉ်အမြဲ တလူလူလွှင့်ထူ နေမည်သာဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေးအစီအစဉ် နှစ် ၄၀ ပြည့် အခါသမယတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က မိန့်ကြားခဲ့၏။ ၁၉၇၈ ခုနှစ်တွင် ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန် အစပြုခဲ့သော ပြုပြင်ပြောင်းလဲရေးအစဉ်သည် အစဉ်အမြဲ ချောမွေ့၍ မနေဘဲ လှိုင်းလေကြားမှ လှေငယ်ပမာ လူးကာ လိမ့်ကာရှိခဲ့ရသော်လည်း တည်ငြိမ်မှုရရှိရန် ကြိုးပမ်းစွမ်းဆောင်ခဲ့ပုံကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြရ ၏။ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်ခြင်း၏ဒဏ်ကို အလူးအလဲခံစားခဲ့ကြပြီး “ယဉ်ကျေးမှု တော်လှန်ရေး”မှ ရုန်းထပြီးခါစမှာပင် ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ခေါင်းဆောင်ကြီးတိန့်က အစပျိုးလုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့မြင်ရ၏။

 

“ကြောင်ဖြူသည်၊ မည်းသည်မှာပဓာနမဟုတ်၊ ကြွက်ခုတ်ဖို့သာ ပဓာနဖြစ်သည်”ဆိုသော ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်၏ အဆိုအမိန့်မှာ နိုင်ငံတော်ဖွံ့ဖြိုးရေးရည်မှန်းချက်ကို မည်သည့်အခြေအနေ မျိုးတွင်မဆိုအပွန်းအပဲ့မခံဘဲ ဦးလည်မသုန် ကြိုးပမ်းသင့်ပုံကို ဖော်ကျူးနေသည်ဟုကျွန်ုပ်တွေးတောမိရင်း “ကြောင် ဖြူသည် မည်းသည်ကသာမညကြွက်ခုတ်ဖို့က အဓိက”ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။ ။