ပြည် ဖေဖော်ဝါရီ ၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့အား ခရီးသွားမြို့တော်တစ်ခုအဖြစ် ဘက်စုံအဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်သည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ပြည်မြို့ ဆံတော်ရပ်ကွက်ရှိ မြောက်စောင်းတန်းလမ်းနှင့် ပြည်မြို့တွင်းရှိ ရန်ကုန် - ပြည် ကားလမ်းပိုင်း လမ်းချဲ့ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ပလက်ဖောင်းများ ပြန်လည် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လမ်းများအလိုက် လမ်းဧရိယာများ အများပြည်သူ သိရှိနိုင်ရေး သတ်မှတ်ထားရန်၊ လျှပ်စစ်မီးတိုင်နှင့် ဖုန်းတိုင်များ ကြိုတင်ပြောင်းရွှေ့ထားရန်နှင့် လမ်းဧရိယာအတွင်း ကျူးကျော်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်မြို့နယ်ရှိ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သုံးပန်လှအုတ်ကျောင်းတော်ကြီး အသစ်ပြန်လည် ပြုပြင်မှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်မြို့နယ် ငါးရွာကျေးရွာအုပ်စု၌ သဘာဝရွက်ဖျန်းမြေဩဇာဖြင့် နေကြာသီးနှံနှင့် မတ်ပဲသီးနှံစမ်းသပ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သဘာဝရွက်ဖျန်းမြေဩဇာအတွက် အဓိကကျသည့် နွားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူရန်နှင့် မေထုန်မဲ့ သားစပ်နည်းဖြင့် မျိုးမြှင့်တင်ပေးသွားရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ် မြရွာကျေးရွာအုပ်စု၌ ကြံလမိုင်းဖြတ် ကိရိယာဖြင့် တောင်သူနည်းပညာပေးသရုပ်ပြသနေမှုကို ကြည့်ရှုပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ ကြံသီးနှံအထွက်တိုးရေးအတွက် ကြံခုတ်နည်းစနစ်သည် အရေးပါသည့်အတွက် ကြံသီးနှံစိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းနှင့် ခုတ်သိမ်းခြင်းစသည့် နည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။ ထို့နောက် ပြည်မြို့ နဝင်းကွက်သစ်ရပ်ကွက်ရှိ ဦးဆန်းမင်းထွဋ်၏ Sun Power ဖျော်ရည်လုပ်ငန်းသို့ သွားရောက် ကြည့်ရှုအားပေးပြီး ပြည်ပသွင်းကုန် အစားထိုးအဆင့်အထိ တိုးမြှင့်ဆောင်ရွက်ရန်၊ သဘာဝသစ်သီးများဖြင့် တီထွင်ဆန်းသစ်ထုတ်လုပ်ရန်နှင့် ထုပ်ပိုးမှုပုံစံများ အဆင့်မြှင့်တင်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


