ပခုက္ကူ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ (၂၄)ကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာသင်တန်းသား သင်တန်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ဆက်လက်၍ ပခုက္ကူမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်နိုင်နိုင်အေးက သင်တန်းကျောင်းသမိုင်းကြောင်းနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသူများက တေးသီချင်းအကများဖြင့် ကပြဖျော်ဖြေကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ပခုက္ကူမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် ပထမနှစ် ၄၈ဦး၊ ဒုတိယနှစ် ၄၅ ဦး၊ တတိယနှစ် (Junior) ၄၉ဦး၊ တတိယနှစ်(Senior) ၄၆ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၈၈ဦး တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


