ပြင်ဦးလွင် ဇန်နဝါရီ ၁၈

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဆု‌တောင်းပြည့်ဘုရားကြီးစေတီတော် လုံးတော်ပြည့်ရွှေစင် ရွှေပြားနှင့် ရွှေသင်္ကန်းဆက်ကပ်နိုင်ရေး အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မဟာအံ့ထူးကံသာ ဆု‌တောင်းပြည့်ဘုရားရှိ မဟာဇေယျသိဒ္ဓိသာသနာ့ဗိမာန်တော် ပထမထပ်၌ ကျင်းပခဲ့သည်။

 

ဦးစွာ ဩဝါဒါစရိယဆရာတော် မန္တလေးတိုင်းဒေသကြီး သံဃနာယကဝန်ဆောင်ဆရာတော် မြို့လယ်ရွှေစည်းခုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ (အဂ္ဂမဟာ ပဏ္ဍိတ)ထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဩဝါဒဆရာတော်ကြီးများထံမှ မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညို၍ ဩဝါဒဆရာတော်ကြီးများအား တာဝန်ရှိသူများနှင့် အလှူရှင်များက အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

ဆက်လက်၍ မဟာအံ့ထူးကံသာဆု‌တောင်းပြည့်ဘုရားကြီး စေတီတော်လုံးတော်ပြည့်ရွှေစင်ရွှေပြားနှင့် ရွှေသင်္ကန်းဆက်ကပ်နိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် အလှူရှင်များက တာဝန်ရှိသူများထံ အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ဩဝါဒဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ပရိသတ်များအား နေ့လယ်စာ အာဟာရဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)