နေပြည်တော်    ဇန်နဝါရီ     ၁၈

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာနနှင့်  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည်  မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်း တွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား ငလျင်အပြီး ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု  အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်းသို့ သွားရောက်၍ ငလျင်အပြီးပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို  လိုက်လံကြည့်ရှုစစ်ဆေးပြီး   အားကစားကွင်း/အားကစားရုံများ သတ်မှတ် စံချိန်/စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊  သတ်မှတ်ကာလအတွင်း  အချိန်မီပြန်လည်ပြုပြင်ပြီးစီးနိုင်စေရေးအတွက် သက်ဆိုင်ရာ ကုမ္ပဏီ၊ အရည်အသွေးစစ်ဆေးသည့် (QC)ကုမ္ပဏီနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။

ယင်းနောက်   ချမ်းအေးသာစံမြို့နယ်  ဗထူးအားကစားကွင်းရှိ  ဗထူးမိုးလုံလေလုံ အားကစားရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မိုးလုံလေလုံအားကစားရုံ ရေရှည်တည်တံ့စေရေး၊ ခိုငှက်များ မဝင်ရောက်နိုင်စေရေးအတွက် သံဆန်ခါများဖြင့် စနစ်တကျကာရံသွားရန်၊ အားကစားရုံ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်စေရေးတို့အတွက်  စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း တာဝန်ရှိသူများအား  မှာကြားပြီး   မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းဝန်ထမ်းများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝန်ထမ်းများ၏  လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့ပြင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့ရှိ ပုဂ္ဂလိကလုပ်ငန်းရှင်မှ ငှားရမ်းလုပ်ကိုင် ဆောင်ရွက်နေသော နိုင်ငံပိုင် ထွန်းလှဟိုတယ်သို့ သွားရောက်ကာ ခရီးသွားရာသီအတွင်း လာရောက်တည်းခိုကြသည့် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များကို  တန်းပြည့်ဝန်ဆောင်မှုပေး၍ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊   တိုးချဲ့ဆောက်လုပ်မည့် စားသောက်ခန်းမနေရာများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်ရှိ ဝန်ထမ်းများ၏    ဝန်ဆောင်မှုအရည်အသွေးများ ယခုထက်ပိုမို   အဆင့်မီကောင်းမွန်စေရေးအတွက် လေ့ကျင့်ဆောင်ရွက်ပေးရန်၊  ဟိုတယ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊  လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် စိတ်အပန်းဖြေနိုင်ရေးအတွက် မြေယာရှုခင်းအလှများကို ဆောင်ရွက်ထားရှိရန်၊ ရေကူးကန်အတွင်းရှိ ရေများသန့်ရှင်းအောင်ဆောင်ရွက်ထားရှိပြီး ရေကူးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကူးနိုင်ရေးအတွက်  သတိပေးဆိုင်းဘုတ်များ၊ အစောင့်ဝန်ထမ်းများကို စနစ်တကျထားရှိရန်၊ ကားရပ်နားရန် နေရာများကိုပါ စနစ်တကျဆောင်ရွက် သတ်မှတ်ထားရှိရန်၊ ဌာနေဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်မည့် လုပ်ငန်းများကို တိုးချဲ့စီစဉ်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်ကိစ္စရပ်များကို   မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်