ရန်ကုန် ဇန်နဝါရီ ၂၃

 

ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက် လေ့လာကြမည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် လေကြောင်း ခရီးစဉ်များဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာကြသည်။

 

နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအဖြစ် အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းတွင်လည်းကောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာရုစ်ပါတီမှ Ms. VohilaN.Chamadanovaဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၁ ရက် ညပိုင်းတွင် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် Ms. Yusti Erina ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နီပေါနိုင်ငံရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် Dr. Janaki Kumari Tuladhar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်လည်းကောင်း ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိကြသည်။

 

အလားတူ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် Mr. Yich Samethy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ Mr. Mario JoseArmengolCampos ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် International Conference of Asian Political Parties (ICAPP) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ Dr. Chheng Kimlong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ဆက်လက်ရောက်ရှိကြမည် ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်