နေပြည်တော် ၂ မေ
ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာအထူးပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားပြတိုက်၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှေးဟောင်း ပစ္စည်းဆိုသည်မှာ ယနေ့အချိန်မှစ၍ နှစ်ပေါင်း(၁၀ဝ)ရှေ့ပိုင်း ခေတ်ကာလများက လူသားတို့ ဖန်တီးတီထွင်ပြုလုပ်သုံးစွဲခဲ့ကြသည့် ပစ္စည်းများအားလုံးကို သတ်မှတ် ပါကြောင်း၊ ရှေးဟောင်းပစ္စည်းများသည် လူမျိုးတစ်မျိုး၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ ကုန်သည်စီးပွားရေး၊ လူမှုအဆင့်အတန်း၊ အနုသုခုမ အတတ်ပညာနှင့် လက်မှုအတတ် ပညာတို့ကိုဖော်ပြပြီး ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုကိုလည်း သိရှိနိုင်ပါကြောင်း။
ရှေးဟောင်းရွှေထည်လက်ဝတ်ရတနာ အဆင်တန်ဆာများသည် ဒြပ်ရှိ ယဉ်ကျေး မှုအမွေအနှစ်များဖြစ်သကဲ့သို့ အဆိုပါလက်ဝတ်ရတနာများ ပြုလုပ်သည့် မြန်မာ့ရိုးရာ ပန်းထိမ်လုပ်ငန်းသည်လည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်ကြောင်း၊ ဒြပ်ရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံ သားတိုင်းတွင် တာဝန်ရှိပါကြောင်း၊ မြန်မာ့ရိုးရာလက်မှုပညာရပ်များနှင့် ရှေးဟောင်း အနုပညာလက်ရာများကို ဂုဏ်ယူမြတ်နိုး တန်းဖိုးထားတတ်ရန် လိုအပ်ပါကြောင်း၊ ပန်းဆယ်မျိုး အတတ်ပညာများအနက် ပန်းထိမ်ပညာရပ်ကို မတိမ်ကော မပပျောက် စေရန်နှင့် ပန်းထိမ်ပညာရှင်များကို လေးစားဂုဏ်ပြုရန်ရည်ရွယ်ပြီး ခေတ်အဆက်ဆက် မြန်မာလူမျိုးတို့ အသုံးပြုဝတ်ဆင်ခဲ့သည့် ရွှေထည်လက်ဝတ်ရတနာ အဆင်တန်ဆာ များကို အထူးပြပွဲအဖြစ်ခင်းကျင်း ပြသခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် တာဝန်ရှိသူများနှင့်အတူ ပြခန်းအတွင်း ခင်းကျင်းပပြသထားသည့် ခေတ်အဆက်ဆက် ထွန်းကားခဲ့သော ရှေးဟောင်းမြန်မာ့ လက်ဝတ်ရတနာများကို လှည့်လည်ကြည့်ရှုပြီး ပြပွဲနှင့်ပတ်သက်သည့် အကြံပြုချက်ကို ရေးသားသည်။
ယခုခင်းကျင်းပြသသည့် ရွှေထည်လက်ဝတ်ရတနာ အဆင်တန်ဆာ အထူးပြပွဲ တွင် ဘီစီ(၂)ရာစုမှ အေဒီ(၂၀)ရာစုအထိ သက်တမ်းရှည်သော ရှားပါးလက်ရာမြောက် သည့် ရွှေထည်လက်ဝတ်ရတနာအမျိုးအစား (၁၀ဝ)၊ အရေအတွက် (၈၇၀)၊ ရွှေချိန် ၂ ပိဿာ ၇၅ကျပ်သားကျော်ခန့်ကို ခင်းကျင်းပြသထားပြီး ခေတ်အဆက်ဆက် ထွန်းကား ခဲ့သည့် ရွှေပန်းထိမ်၊ ငွေပန်းထိမ် ပညာရပ်များ၏တိုးတက်မြင့်မားမှု၊ မြန်မာ့ရိုးရာ ပန်းထိမ်ပညာ၏ နက်နဲသိမ်မွေ့မှုနှင့် ကျွမ်းကျင်စွာဖန်တီးနိုင်မှု အခြေအနေများကို လေ့လာတွေ့ရှိနိုင်မည်ဖြစ်သည်။
အဆိုပါအထူးပြပွဲကို မေ ၂ ရက်မှ ၁၉ ရက်အထိ ၁၈ ရက်ကြာ ခင်းကျင်းပြသ သွားမည်ဖြစ်ပြီး ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာများကို စိတ်ပါဝင်စားသူများ အနေ ဖြင့် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အခမဲ့လာရောက် လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


