နေပြည်တော် ဇန်နဝါရီ ၂၀

 

ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ ကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကိုယ်စားလှယ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Video Confe-rencing ဖြင့် တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း(၂)တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာထားသည့် နေ့ရက်များအလိုက် အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပခဲ့ရာ မဲရုံများသို့ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအနက် ဆန္ဒမဲလာရောက်ပေးခဲ့မှုမှာ ရွေးကောက်ပွဲအပိုင်း(၁)တွင် ၅၂ ဒသမ ၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း(၂)တွင် ၅၅ ဒသမ ၉၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အကြမ်းဖက်သမားများက နှောင့်ယှက်ဟန့်တား ဖျက်ဆီးသည့် အကြမ်းဖက် လုပ်ဆောင်ချက်များရှိခဲ့သော်လည်း မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့၏ လွတ်လပ်သည့်သဘော ဆန္ဒအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိစွာ ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း။

 

ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပပြုလုပ်စဉ်က ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ပိုမိုလုံခြုံစိတ်ချ ကောင်းမွန်သော လုံခြုံရေးဆိုင်ရာ အစီအမံများအတိုင်း အင်အားဖြည့်တင်း၍ ဆောင်ရွက်ခဲ့ရာ ရွေးကောက်ပွဲအပိုင်း(၂)ကို ပိုမိုကောင်းမွန်စွာ ကျင်းပပေးနိုင်ခဲ့သဖြင့် ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၃)ကိုလည်း မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာ လုံခြုံမှုရှိစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လုံခြုံရေးစီမံချက်များအတိုင်း အင်အားဖြည့်တင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟော ပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ကြေညာထားသည့် စည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်စေရေး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ကြပ်မတ်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း။     

 

ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူများအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေအရ အရေးယူဆောင်ရွက်မှု ၃၃၁ မှုတွင် တရားခံအမျိုးသား ၃၂၄ ဦး၊ အမျိုးသမီး ၈၀ စုစုပေါင်း ၄၀၄ ဦး ရှိခဲ့ပြီး ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများကို စုံစမ်းဖော်ထုတ်အရေးယူခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ရွေးကောက်ပွဲ အပိုင်း(၃)တွင်ပါဝင်သည့် တိုင်းဒေသကြီး / ပြည်နယ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရွေး‌ကောက်ပွဲ အပိုင်း (၃)အတွက် လုံခြုံရေးဆောင်ရွက် ထားရှိမှုအစီအမံများ၊ ရွေးကောက်ပွဲကျင်းပပြီးနောက် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ လုံခြုံရေးနှင့် လွှတ်တော်အသီးသီး ခေါ်ယူကျင်းပနိုင်ရေး လုံခြုံရေး အစီအမံများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး ဗဟိုကော်မတီ အဖွဲ့ဝင်များ၊ ဒုတိယဥက္ကဋ္ဌများ နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုယ်စားလှယ်များက ဖြည့်စွက်အကြံပြုဆွေးနွေး တင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်