ရန်ကုန် ဖေဖော်ဝါရီ ၁
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် တပို့တွဲလပြည့်နေ့ သြဝါဒ ပါတိမောက်အခါတော်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဆက်ကပ်လှူဒါန်း
ဦးစွာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့ဝင်များနှင့် ဂေါပကရုံးဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး စိန်ရောင်ခြည်ဘုရားပင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ခြင်း၊ နတ်ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ ရွှေတိဂုံ ဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ မဟာသမယသုတ် ပါဠိတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆုတောင်း၊ အမျှဝေ၊ သာဓုခေါ်ဆိုခြင်း၊ နတ်ဗြဟ္မာများကို ပြန်လည်ပို့ဆောင်ခြင်းတို့ ဆောင်ရွက်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား စေတီတော်ရှိ ရောင်တော်ပွင့်တန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ထမနဲဆွမ်းတော်ကြီး လောင်းလှူပွဲကို ကျင်းပရာ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော် ၄၆ ပါးတို့အား ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ထမနဲဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကြပြီး ဆရာတော်ဘဒ္ဒန္တနာဂိတထံမှ သီလခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် လှရတနာဆရာတော်ထံမှ အနုမော ဒနာတရား နာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့အတူ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့ကလည်း တပို့တွဲလပြည့်နေ့ သြဝါဒ ပါတိမောက် အခါတော်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ထုံးတမ်းအစဉ်အလာများနှင့်အညီ ဂေါပကအဖွဲ့ရုံး အာရုံခံတန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုကိုဇော်-MNA


