နေပြည်တော် ၃၀ ဧပြီ
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုအစည်းအဝေးတွင် ဆောင်ရွက်ခဲ့ပြီးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းများအရ လိုအပ်သောအတည်ပြုမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေးနှင့် စပ်လျဉ်းပြီး ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသကဲ့သို့ ကြက်ခြေနီလှုပ်ရှားမှု အနေဖြင့်ပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ UEHRD ၏ စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ်များဖြင့် လူသားချင်းစာနာမှုအကူအညီများ ပေးခဲ့ကြောင်း၊ UEHRD ကော်မတီ၏ လုပ်ငန်းများနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းများသည် ဆက်စပ်ဆောင်ရွက်ရသော လုပ်ငန်းများဖြစ်ပါကြောင်း၊ ASEAN-ERAT အဖွဲ့အပါအဝင် ရခိုင်ပြည်နယ်၏ အခြေအနေများကို ဆန်းစစ်လေ့လာသည့် အဖွဲ့အစည်းများ၏ ဖော်ထုတ်ချက်အရ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးအချက်မှာ လူမှုစီးပွား ဖွံ့ဖြိုးမှုနိမ့်ကျနေမှုကို ဖြေရှင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လူမှုသဟဇာတဖြစ်ရေးသည် ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေးအတွက် UEHRD ကော်မတီ၏ လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့၏ ဆောင်ရွက်မှုများသည် အရေးပါကြောင်း၊ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အောင်အောင်မြင်မြင် ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။
ထို့နောက် UEHRD ကော်မတီဝင်များက ကဏ္ဍအလိုက်ဆွေးနွေးကြပြီး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
(သတင်းစဉ်)


