စစ်တွေ ဇန်နဝါရီ ၂၈

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီးတို့သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြောက်ဦးဆရာတော် ဝနဝါသီ အရှင်ဝါယာမိန္ဒအား သွားရောက်ဖူးမြော်ပြီး ဆရာတော်ကြီး၏ သာသနာပြုခရီးစဉ်အတွက် ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် ဧည့်ပရိသတ်များက မြောက်ဦးဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆန်နှင့်ပဲများ ထုပ်ပိုးထားရှိမှုကို ကြည့်ရှုသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများ အကြံပြု ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကုန်ဆုံးမည်ဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အမီ ဆောင်ရွက်နိုင်ရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် အချိန်မီပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် MV- Royal Venus သင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကိုလည်းကောင်း၊ စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ဖောင်တော်ကြီး)၌ အမ်ဗွီရွှေအိမ်သည်သင်္ဘောဖြင့် တည်ဆောက်ရေးသုံးပစ္စည်းများ ရောက်ရှိလာမှုနှင့် ကုန်တင်ကုန်ချ ပြုလုပ်နေမှုကိုလည်းကောင်း၊ စစ်တွေတက္ကသိုလ်တွင် 100 KVA ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးတပ်ဆင်ထားရှိမှုကိုလည်းကောင်း၊ အစိုးရနည်းပညာအထက် တန်းကျောင်း(စစ်တွေ)တွင် 50 KVA ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးတပ်ဆင်ထားရှိမှုကို လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တွင် 100 KVA ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးတပ်ဆင်ထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ တက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)