စစ်တွေ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တပို့တွဲလ စုပေါင်းထမနဲထိုးပွဲကို ယမန်နေ့ညနေပိုင်းက စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီးတို့သည် ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ပြီး ဝန်ထမ်းများ ပျော်ပျော်ပါးပါး စုပေါင်းထမနဲထိုးနေမှုကို ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က တပို့တွဲလထမနဲထိုးပွဲဟုဆိုသည့်အတိုင်း တပို့တွဲလတွင် ထမနဲသည် ရာသီစာဖြစ်၍ ယခုကဲ့သို့ပြုလုပ်၍ ရရှိလာသောထမနဲများကို တပို့တွဲလပြည့်နေ့တွင် မြန်မာတို့၏ ထုံးတမ်းစဉ်လာအတိုင်း မြတ်စွာဘုရားအား ဦးဦးဖျားဖျားကပ်လှူပူဇော်ကြရန်၊ သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြရန်၊ ဘိုးဘွားဆရာသမားများနှင့် အိမ်နီးနားချင်းများ၊ မိတ်ဆွေ အပေါင်းအသင်းများအား လှူဒါန်းဝေငှကျွေးမွေးကြရန်၊ တစ်ဦးနှင့်တစ်ဦး ပိုမိုစည်းလုံးညီညွတ်စွာ အချင်းချင်းရိုင်းပင်းကူညီစိတ်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များ ရှင်သန်စေရန်အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်လမ်းဦးစီးဌာနရုံး၊ ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံး၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့တွင် ရုံးများအလိုက် ဝန်ထမ်းများ ပျော်ပျော်ပါးပါး စုပေါင်းထမနဲထိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


