ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်သည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး၊ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးတို့နှင့် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိ ဘုရားကြီးတို့သို့ သွားရောက်ဖူးမြော်ကြည်ညို
နေပြည်တော် ဇန်နဝါရီ ၁၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဝစီပိတ်ဆရာတော်၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်ရှိ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး၊ အဘယရာဇမုနိ ရုပ်ပွားတော် မြတ်ကြီးတို့နှင့် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတို့သို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။
လောကသရဖူစေတီတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း တည်ထားကိုးကွယ်မည့် လောကသရဖူ စေတီတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိကြပြီး မြေကြီးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပင်မစေတီတော် တည်ဆောက်ခြင်း၊ ရင်ပြင်ကြမ်းခင်းခြင်း၊ အရံစေတီများ တည်ဆောက်ခြင်း၊ ပစ္စယံများ ကျောက်စီခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် စေတီတော်ကြီး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဝစီပိတ်ဆရာတော်ကြီး၏ မိန့်ကြားမှုများအပေါ် လိုအပ်သည်များ တင်ပြလျှောက်ထားကာ တာဝန်ရှိသူများ၏ လုပ်ငန်း ဆောင်ရွက်နေမှု တင်ပြချက်များအပေါ် ရေယိုစိမ့်ခြင်း၊ ရေတိုက်စားခြင်းများ မဖြစ်စေရေး အတွက် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ကတည်းကပင် ရေဝင်၊ ရေထွက် နှင့် ရေထုတ်စနစ်များ စနစ်တကျ ဖြစ်စေရေး တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရာသီဥတုဒဏ်ခံနိုင်ရေးနှင့် သဘာဝဘေး၊ ငလျင်ဘေးအန္တရာယ်များ အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်စံနှုန်းရှိစေရေး အတွက်လည်း တွက်ချက်တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းဧရိယာ တောင်စောင်းများပေါ်၌ သစ်ပင်များကိုလည်း စနစ်တကျဖြင့် ပြန်လည်စိုက်ပျိုးသွားရန်လိုကြောင်း၊ ရင်ပြင်တော်ပေါ်၌ နေပူခံကျောက်ပြားများ ခင်းကျင်းရာ၌လည်း ဒီဇိုင်းရေးဆွဲပြီးမှသာ စနစ်တကျဖြင့် ခင်းကျင်းသွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် စေတီတော်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိက အဆောက်အအုံများ တည်ဆောက် ထားရှိမှုနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ ဖြစ်တော်စဉ် ဖွား ပွင့် ဟော စံ သံဝေဇနိယလေးဌာနတို့အား လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
သတ္တ သတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော် မြတ်ကြီးသို့ ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ သောက်တော်ရေချမ်းနှင့် ပန်းမန်၊ ဆီမီးတို့ကို ကပ်လှူပူဇော်ကြသည်။ ၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မဟာဗောဓိစေတီတော် မြတ်ကြီး ဘက်စုံထိန်းသိမ်း ဆောင်ရွက်ရန်အတွက် စုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဝင်တစ်ဦးက လက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော် ကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် စေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ဗုဒ္ဓဥယျာဉ်တော် သီလဓမ္မကုသိုလ်ဖြစ် ဆေးခန်းဆောင်ရွက်ထားရှိမှုနှင့် သီလဓမ္မ ဆေးရုံတော် တည်ဆောက်ထားရှိမှု အခြေအနေများကိုကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များမှာကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သုခမှတ်စုပန်းခင်းနေရာနှင့် ဗုဒ္ဓဥယျာဉ် ပြတိုက်တို့အတွင်း လှည့်လည်ကြည့်ရှုကြသည်။
အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီး
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အဘယရာဇမုနိ ရုပ်ပွားတော် မြတ်ကြီးသို့ ရောက်ရှိကြပြီး ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကာ လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညိုကြပြီး စေတီတော် လိုဏ်အတွင်း စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်ထားရှိသည့် ဗုဒ္ဓဝင်များကို လှည့်လည်ကြည်ညို ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ရုပ်ပွားတော်မြတ်ကြီးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်ရာ ဂေါပကအဖွဲ့ဝင် များက လက်ခံရယူခဲ့ကြသည်။
ကျိုင်းတုံမြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီး
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ညပိုင်းတွင် ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးသို့ သွားရောက် ဖူးမြော်ကြရာ ဂေါပကအဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဘုရားကြီးအား သောက်တော် ရေချမ်းနှင့် ပန်းမန်၊ ဆီမီးတို့ကို ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ဘုရားကြီးအတွက် ဘက်စုံအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ ဝင်များက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ဘုရားကြီးဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်သည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ပြည်နယ်ကွင်းတွင် ကျင်းပပြုလုပ်သည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်သို့ သွားရောက်၍ ဒေသရိုးရာ အစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ် ရောင်းချနေမှုများကို လိုက်လံကြည့်ရှုပြီး ဈေးရောင်းချနေသူများနှင့် လာရောက်စားသုံးကြသည့် ပြည်သူလူထုများ၊ နှစ်သစ်ကူးပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


