ရန်ကုန် ဇန်နဝါရီ ၂၇
၁၉၂၆ ခုနှစ်က စတင်တည်ထောင်ခဲ့သော ပရိယတ္တိသာသနာနုဂ္ဂဟ ရန်ကုန်ဆန်လှူအသင်းကြီး၏ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အထက်လမ်းမရှိ အသင်းတိုက်ရှေ့၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်)ဦးဗိုလ်ဌေး၊ အသင်းဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးညွန့်ဌေး၊ အသင်းအကျိုးတော်ဆောင်ချုပ် ဦးလှထွန်းစိန်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ ဘိဝံသက ရာပြည့်အထိမ်းအမှတ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဇျယ်ပေးတော်မူခဲ့ကြသည်။
ထို့နောက် အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူတော်ငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အသင်းရာပြည့်ဗိမာန် တည်ဆောက်ရေးအတွက် အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ကြကာ အသင်းအကျိုးတော်ဆောင်ချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ကြားခဲ့ကြောင်း သိရသည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)


