ရန်ကုန် ဖေဖော်ဝါရီ ၂

 

(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့(ရန်ကုန်) အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက၊ ဂုဏ်ထူးဆောင်နာယက၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မွန်တိုင်းရင်းသား တိုင်းရင်းသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက နိုင်ဖေတင်၊ ဂုဏ်ထူးဆောင်နာယက နိုင်သောင်းသျှင်၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ နိုင်ခင်လတ်၊ ပွဲတော်ကျင်းပရေး ဒုတိယဥက္ကဋ္ဌ နိုင်ဟန်စိန်တို့က (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့(ရန်ကုန်) ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

 

ယင်းနောက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)မှ ဒေါက်တာမင်းခင်စိန်က မွန်စာပေနှင့် ယဉ်ကျေးမှုအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဒုတိယဥက္ကဋ္ဌ(၂) မိမြအောင်က မွန်ရိုးရာအနုသုခုမအကြောင်းကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များသည် မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)သို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်