ရန်ကုန် ၂ မေ   

 

ရန်ကုန်မြို့တွင် စကိုင်းလ်ဒိုက်ဗင်စီးနင်းခြင်း ငွေကြေးတတ်နိုင်သော ပြည်တွင်းပြည်ပမှလူငယ်များနှင့် လေထီးခုန်ဝါသနာရှင်များ လာရောက်စီးနင်းကြသည့်နည်းတူ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် အတွင်း ဆောင်းခိုငှက်ရေကန်ကိုဖြတ်သန်းတည်ဆောက်ထားသည့် Zipline ကောင်းကင်ကြိုးစီးနင်းမှုကိုလည်း ဧပြီလစတုတ္တပတ်က ဖွင့်လှစ်ခဲ့ရာ ပုံမှန်ရက်တွင် လူဦးရေ ရာကျော်စီးနင်းလျက် ရုံးပိတ်ရက်တွင် လူဦးရေ (၆၀ဝ)ကျော် လာရောက်အပန်းဖြေ စီးနင်းလျက်အထူးစည်းကားလျက်ရှိကြောင်း သိရသည်။

 

“နေပူလို့အပြင်မထွက်ချင်ပေမယ့် လျှပ်စစ်မီးမရတာများတော့ ရန်ကုန်မြို့ကသစ်ရိပ်၊ ဝါးရိပ်မှာအ ပန်းဖြေအနားယူတာ ပိုပြီးစိတ်အေးချမ်းမှု ရစေတာကြောင့် အပူရှောင်ရင်းစိတ်လှုပ် ရှားဖွယ် ကောင်းကင်ကြိုး စီးတာကို သူငယ်ချင်းတွေနဲ့ စီးဖြစ်တာပါ။ပထမဆုံးစီးဖူးတာဆိုတော့ ပထမကြောက်သလိုပဲ နောက်တစ်ခေါက် စီးပြီးချိန်ထပ်ပြီး စီးချင်စိတ်ပေါ်လာတယ်။ စွန့်စားချင်စိတ်ကို တားစီးနေတဲ့အရာတွေကို တွန်းလှန်ရတဲ့ ခံစားမှုကလည်းဘာနဲ့မှ အစားထိုးလို့မရအောင်ပျော်ရွှင်ရပါတယ်”ဟု ယနေ့တွင် သူငယ်ချင်းများနှင့် လာရောက်စီးနင်းသော မစပယ်ထက်အောင်က ပြောသည်။

 

ရန်ကုန်မြို့၊ မုဒုံစိမ်းလဲ့တင် အပန်းဖြေဥယျာဉ်နှင့် မန္တလေး(၂၇)မိုင်ကမ်းခြေတို့တွင် Zipline ကောင်းကင်ကြိုး စီးနင်းသောကစားနည်းကို ဖွင့်လှစ်ထားရှိပြီး လှော်ကားဥယျာဉ်တွင် ထပ်မံတည်ဆောက်ရန် စီမံလျက်ရှိကာ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် (၁၇)မီတာ အမြင့်ရှိသော တာဝါ(A)မှရေကန်ကို ဖြတ်၍ မီတာ(၂၀)အမြင့်ရှိသည့် တာဝါ(B)သို့ စတီးကြိုးတစ်ချောင်းလျှင် တစ်ဦးနှုန်းဖြင့် စတီးကြိုး(၂)ချောင်းဖြင့် တစ်ကြိမ်လျှင်(၂)ဦး စီးနင်းနိုင်ကာ အသွား၊အပြန် စီးနင်းနိုင်၍ လူငယ်တို့၏ စွန့်စားလို့သော စိတ်နှင့်ကြောက်စိတ်ကို ဖယ်ရှားရာတွင် ထိုအားကစားနည်းက များစွာအထောက်အကူဖြစ်စေလျက်ရှိကြောင်း သိရသည်။

 

“စီးနင်းသူတွေက လူငယ်တွေများတယ်။ စူးစမ်းလိုစိတ်နဲ့စွန့်စားလိုစိတ်ကနေ စိတ်အပန်းဖြေမှု ကသူတို့အတွက် ပျော်ရွှင်မှုရစေတာပါ။ စီးနင်းသူတွေလုံခြုံရေးကို အထူးဂရုစိုက်ပြီး ဆောင်ရွက်ထားပါတယ်။ အမြင့်ကြောက်တတ်သူတွေ၊ အတက်ရောဂါရှိသူ၊ နှလုံးရောဂါရှိသူတွေကို လက်မှတ်ဝယ်ချိန်မှာစစ်ဆေးပြီး တောင်းပန်တားမြစ်ထားပါတယ်။ လူငယ်တွေအားလုံး လိုက်နာကြတာများပါတယ်။ နံနက်(၉)နာရီဖွင့်ပြီးတော့ ညနေ(၅)နာရီပိတ်ပါတယ်။ ရုံးပိတ်ရက်စီးနင်းသူ(၆၀ဝ)ကျော် ပါတယ်” ဟု Zipline တာဝန်ခံ ဦးညီမင်းထက်က ပြောသည်။

 

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် Zipline ကောင်းကင်ကြိုး စီးနင်းသောကစားနည်း၊Quick  Jump ခုန်ကစားနည်း၊ သစ်ပင်တက်ကစားနည်းတို့ဖြင့် စိတ်အပန်းဖြေကစားနိုင်ကာ နံရံတက် ကစားနည်းကို မေလကုန်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ကောင်းကင်ကြိုး ကစားနည်းကို လူငယ်များ အထူးစိတ်ဝင်စား၍ စိတ်လှုပ်ရှားမှုဖြင့် အပန်းဖြေလျက်ရှိပြီး ရုံးပိတ်ရက်တွင် အများဆုံးလာရောက် စီးနင်းလျက်ရှိကြောင်း သိရသည်။

 

သန်းထိုက်

 

ဓာတ်ပုံ - သန်းစိုး                  

 

1.0