နေပြည်တော် ဇန်နဝါရီ ၂၉
မြန်မာတို့၏ (၁၂)လရာသီပွဲတော်များအနက် ကောက်ပဲသီးနှံ၊ ဆန်၊ စပါးတို့ ထွက်ရှိပြီး ဖူလုံစေသည့် လဖြစ်သော တပို့တွဲလတွင် အဖွဲ့လိုက် စုပေါင်းဆောင်ရွက်ရသည့် စည်းလုံးညီညွတ်မှု စွမ်းအားကို ဖြစ်စေသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ဒေသအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။
ထိုသို့ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ (၁၇)ကြိမ်မြောက် စုပေါင်းထမနဲထိုးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ဇေယျာသီရိကွင်းပြင်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ထမနဲထိုး ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲများတွင် ဆုရရှိကြသည့်အသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


