ရန်ကုန်  ၂   မေ

 

ရန်ကုန် - မန္တလေး အမြန်လမ်း ၈၉ မိုင် ၅ ဖာလုံ၌ ဖွင့်လှစ်ထားသော မိဘမဲ့ကလေးနှင့် ပညာရေးချို့တဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းတွင် မေလ ၁ ရက်နေ့က ရုပ်ရှင်၊ ဂီတနယ်ပယ်မှ အနုပညာရှင်များပါဝင်သည့် ပရဟိတအသင်းများက ကလေးငယ်များ စိတ်ဓာတ်ခွန်အား တိုးပွားစေရန်အတွက် အနုပညာဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ သွားရောက်ဖျော်ဖြေရာတွင် ရန်ကုန်မြို့အခြေစိုက် ပရဟိတအသင်းများဖြစ်သည့် အဖြူရောင်နှလုံး သားပရဟိတအသင်း၊ မိဘရိပ်ပရဟိတလူငယ်များအသင်း၊ ရွှေအိုရောင်တက္ကသိုလ်ကျောင်းသားဟောင်း များအသင်းနှင့် ပဲခူးမြို့အခြေစိုက် အပြာရောင်လက်များလူမှုကူညီရေးအသင်းတို့က စုပေါင်းဖျော်ဖြေမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

 

“ပထမအကြိမ်အနေနဲ့ လွန်ခဲ့တဲ့ ၃ လလောက်က လာလှူဖြစ်ပါတယ်။ ဒီမှာက မိဘမဲ့ကလေး ၆၀ဝ ကျော် ကို တွေ့တဲ့အခါကျ ကျွန်တော်လည်း စိတ်မကောင်းဘူး။ အဲဒီလိုနဲ့ ကလေးတွေကို တစ်ခုခုတော့ စိတ်ချမ်းသာ အောင်လုပ်ပေးမယ်ဆိုပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း အဆိုတော်၊ အဖြူရောင်နှလုံးသား ပရဟိတအသင်း မှာလည်း အနုပညာသမားတွေပါတော့ ဒီပွဲလေးကို လုပ်ဖြစ်တာပါ” ဟု အဖြူရောင်နှလုံးသားပရဟိတ အသင်း ဥက္ကဋ္ဌ အဆိုတော် ထူးအောင်ရှိုင်းက ပြောသည်။  

 

ကလေးငယ်များအတွက် ဖျော်ဖြေမှုများ ပြုလုပ်ရာတွင် သရုပ်ဆောင် ကျော်စိုး၊ ဇော်ဇော်အောင်၊ စောမိုး ဇက်၊ နဒီဝင့်နိုင်၊ ဆုမြတ်ရွှေစင်၊ ငြိမ်းသန့်ချိုသာ စသော အနုပညာရှင် ၂၀ ကျော်တို့က သီဆိုဖျော်ဖြေခဲ့ပြီး မန္တလေး အနုပညာကျောင်းဆင်းတစ်ဦးဖြစ်သည့် ဝိုင်းကြာဖြူက မျက်လှည့်အနုပညာဖြင့် လည်းကောင်း၊ လူရွှင်တော်များဖြစ်သည့် ဖြိုးကျော်နှင့်ပေါက်ကျော်တို့ကလည်း ဟာသပျက်လုံးများဖြင့် ကလေးငယ်များ အား စိတ်အပန်းပြေစေရေးအတွက် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ 


 
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ အင်းပတ်လည်ကျေးရွာ၊ ရန်ကုန်-မန္တလေးအမြန်လမ်း ၈၉ မိုင် ၅ ဖာလုံတွင် ဖွင့်လှစ်ထားသော အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၊ မိဘမဲ့ကလေးများနှင့် ပညာ ရေးချို့တဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။ 

 

ကျောင်းစတင်တည်ထောင်ဖြစ်ပုံနှင့်ပတ်သက်၍ ဦးစီးဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော်ဦးဥတ္တမက “အဲဒီတုန်းက ဘုန်းဘုန်းက နိုင်ငံခြားကို ပညာတော်သင်သွားမလို့ပါ။ အဲဒီအတွက် ရန်ကုန်မှာထောက်ခံစာ တွေဘာတွေ လုပ်တဲ့အခါကျတော့ ထောက်ခံစာလုပ်တဲ့နေရာမှာ စွန့်ပစ်ကလေး၊ အဲဒီမိဘမဲ့ကလေးက ထောက်ခံစာလုပ်တဲ့ဆီရောက်လာတာပါ။ အဲဒီနေရာကို ကလေးရောက်လာတဲ့အခါကျတော့ ဘုန်းဘုန်းက ရုံးကို မေးတာပေါ့။ ဒီလိုစွန့်ပစ်တဲ့ကလေးတွေ တစ်နှစ်တစ်နှစ်ကို ဘယ်လောက်များလဲလို့ မေးတဲ့အခါကျ တော့ ဘုန်းဘုန်းတဲ့ တစ်လတစ်လကို စွန့်ပစ်တဲ့ကလေးက မနည်းဘူးဘုရားတဲ့။ အဲဒီအခါကျတော့ ဘုန်းဘုန်းတို့က ဒီမြန်မာပြည်မှာ စွန့်ပစ်တဲ့ကလေးတွေ တော်တော်များပါလားဆိုပြီး နိုင်ငံခြားကို ပညာ တော်သင် မသွားတော့ဘဲနဲ့ ဒီကိစ္စလေးကို အကောင်အထည် ဖော်ဖြစ်သွားတာပါ။ စပြီးထူထောင်တဲ့ ဆရာတော်ကတော့ မန္တလေးမှာပါ” ဟု မိန့်ကြားတော်မူခဲ့သည်။

 

အဆိုပါကျောင်းတွင် နို့စို့ကလေးငယ် ၈၇ ဦးရှိပြီး နို့လွတ်ကလေးအပါအဝင် စုစုပေါင်း ၁၁၀ ဦးရှိကာ နို့စို့ကလေးငယ်များအတွက် တစ်ရက်လျှင် လက်ထရိုဂျင်နို့မှုန့်အမျိုးအစား  ဘူး ၂၀ ကုန်ကျကြောင်း သိရသည်။  ကျောင်းနေအရွယ် ကလေးငယ်များအတွက် တစ်ရက်လျှင် ဆန် ၁၂ အိတ်၊ အသား အချိန် ၄၀ ဝယ်ယူရပြီး အသားတစ်ခွက် အရန်ဟင်း ၂ မျိုးဖြင့် ကျွေးမွေးထားပြုစုထားကာ အသက် ၁၂ အောက် ကလေးငယ် ၃၇၀ ကျော်ခနှ့်ရှိပြီး ကျောင်းနေအရွယ် ကလေးငယ် စုစုပေါင်း ၆၂၀ ဦးရှိကြောင်း သိရသည်။ မိဘမဲ့ကလေးနှင့်ပညာရေးချို့တဲ့ကလေးများသာ လက်ခံပြီး မိဘမဲ့ကလေးဦးရေ ၃၇၀ ရှိကာ ဝန်ထမ်းအင် အားနှင့် ကလေးဦးရေ စုစုပေါင်း ၇၀ဝ နီးပါးရှိကြောင်း သိရသည်။ 

 

ကျောင်းအတွက် လျှပ်စစ်မီးသွယ်တန်းခွင့်ရရှိထားသော်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် သွယ်တန်းရမည် ဖြစ်သောကြောင့် ကုန်ကျစရိတ်မှာ သိန်းနှစ်ထောင်နီးပါး ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ 

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊

 

ဓာတ်ပုံ- ထိန်လင်း

 

DSC