နေပြည်တော် ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင် ရောင်းဝယ်မှုတားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တွင် ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာသုံးခုသည် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ သိမ်းဆည်းရမိမှုများနှင့်ဆက်စပ်၍ လုံခြုံရေးပူးပေါင်းအဖွဲ့များက လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းနှင့် နယ်မြေရှင်းလင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့၏ အနောက်မြောက်ဘက် ၃၄ ကီလိုမီတာခန့် အကွာ၊ နားလင်းကျေးရွာ၏ အရှေ့မြောက်ဘက် ၁၄ ကီလိုမီတာခန့်အကွာ ယခင်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါး အဓိကထုတ်လုပ်သည့်နေရာ၏ မြောက်ဘက် ၂ ဒသမ ၅ ကီလိုမီတာခန့်အကွာ၌ မသင်္ကာဖွယ်ရာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ တွေ့ရှိရ၍ သွားရောက်ရှင်းလင်းခဲ့ရာ မူးယစ်ဆေးဝါးချက် လုပ်ရာတွင် အသုံးပြုရသည့် ဆက်စပ်ပစ္စည်းများဖြစ်သော အမျိုးအစားစိစစ်ဆဲ အက်စစ်များထည့်ထားသည့် ပုံးပြာအလုံး ၃၅၀၀ နှင့်သံပီပါ ၅၀၇ လုံး၊ ဂက်စ်အိုး ၂၄၃ လုံး၊ မီးစက်နှစ်လုံး၊ ဆေးပြားရိုက်စက် ကိုးလုံး၊ မသင်္ကာဖွယ်ရာ Happy Water ထုတ်လုပ်သည်ဟု ယူဆရသော စက်ရုံဂိုဒေါင် တစ်လုံး၊ ဆေးပြားအခြောက်ခံဗန်း ၅၀၊ လူနေတဲ ၁၂ လုံး၊ အက်စစ်ပုံးထားသည့် ဂိုဒေါင်ခုနစ်လုံး၊ ဖန်ပေါင်းချောင်များဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် တဲတစ်လုံး၊ ပစ္စည်းထည့် ဂိုဒေါင်သုံးလုံး၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့် ကုန်ကြမ်းများထားရှိသည့် ဂိုဒေါင်နှစ်လုံးနှင့် ရိက္ခာဂိုဒေါင်နှစ်လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ပညာရှင်များပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး အဆိုပါဒေသတစ်ဝိုက်အားလည်း မသင်္ကာဖွယ် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများရှိနိုင်သေးသဖြင့် နယ်မြေဖော် ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းများရရှိပါကလည်း တာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့ကြရန်လိုအပ်ကြောင်းနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါး ဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့ အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


