နေပြည်တော် ဇန်နဝါရီ ၂၂
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ်များအသုံးပြုပြီး ပြည်သူလူထုနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် သတင်းများကို ဇန်နဝါရီ ၁၁ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် အဆိုပါ ဒေသများအတွင်း မူးယစ်ဆေးဝါးချက်လုပ်နေမှုများကို အမြစ်ပြတ် ရှင်းလင်းနိုင်ရေးအတွက် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လိုအပ်သည့်လေကြောင်း ကင်းထောက်ခြင်းနှင့် မြေပြင်သတင်းဖော်ထုတ်ခြင်းများ ပြုလုပ်၍ နယ်မြေရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီခန့်တွင် စိန်ကြော့ကျေးရွာ၏ အနောက်တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၆ ရက်တွင် သိမ်းဆည်းရမိခဲ့သည့် နေရာ၏ အနောက်မြောက်ဘက် နှစ်ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်းများဖြစ်သော “၁၈၈၈” အမှတ်တံဆိပ်ပါ ထုပ်ပိုးခွံပစ္စည်းများ ထည့်ထားသည့် ဂိုဒေါင် သုံးလုံး၊ ဖန်ပေါင်းအိုး ၁၅ လုံး၊ အခြောက်ခံဗန်း ၂၄ ခုထားရှိသည့်တဲ တစ်လုံး၊ လူနေတဲ ရှစ်လုံး၊ အပေါင်းခံစက် ခုနစ်လုံး ထည့်ထားသည့်တဲ တစ်လုံး၊ (စိစစ်ဆဲ) ဓာတုပစ္စည်းအိတ် ၅၀၀ ထည့်ထားသည့်ဂိုဒေါင် တစ်လုံး၊ Caustic Soda ထည့်ထားသည့်ဆာလာအိတ် ၁၀၃ အိတ်နှင့် ဆိုဒီယန်ဆာလဖိတ်ထည့်ထားသည့် ဆာလာအိတ် ၂၀၀ ထည့်ထားသည့်ဂိုဒေါင် တစ်လုံး၊ ကျောက်ချဉ်အိတ် ၁၈ အိတ်၊ မီးသွေးအမှုန့်အိတ် ၂၈ အိတ်၊ ဂတ်စ်အိုး ၄၆၉ လုံး၊ ရေခဲသေတ္တာ သုံးလုံး၊ စားချက်ဆောင် တစ်လုံး၊ လျှပ်စစ်မီးဖို ကိုးလုံး၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်စက် နှစ်လုံးတို့ကို လည်းကောင်း။
ဇန်နဝါရီ ၁၈ ရက် ညနေ ၅ နာရီ ခန့်တွင် မန်ဖြတ်ကျေးရွာ၏ အနောက်ဘက် ကီလိုမီတာ ၂၀ ခန့် အကွာ၊ ဇန်နဝါရီ ၁၁ ရက်တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အနောက်တောင်ဘက် ခုနစ်ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် လူနေတဲ ၁၇ လုံး၊ ဂိုဒေါင် ရှစ်လုံး၊ မူးယစ်ဆေးဝါးချက်လုပ်သည့်တဲ လေးလုံး၊ မီးစက်အကြီး နှစ်လုံး၊ အက်စစ်အပါ (ပလတ်စတစ်) ပီပါအပြာ ၅၄ လုံး၊ ပလတ်စတစ်ပီပါအပြာအခွံ အလုံး ၁၉၀၊ သံပီပါအခွံ ၇၆ လုံး၊ အဖြူရောင်ငါးဂါလန်ပုံး (အက်စစ်အပါ) ၇၅ လုံး၊ Caustic Soda ဆာလာအိတ် ၆၀၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် စတီးပေါင်းအိုး တစ်လုံး၊ ဖန်ပေါင်းအိုးအသေး ၃၉ လုံးတို့အားလည်းကောင်း၊ ညနေ ၆ နာရီခန့်တွင် အဆိုပါနေရာ၏ အနောက်မြောက်ဘက် ခြောက်ကီလိုမီတာခန့်အကွာ၌ ကော်ပီပါအခွံ ၆၇ လုံး၊ သံပီပါအခွံ ခုနစ်လုံး၊ မီးစက် နှစ်လုံး၊ လူနေတဲ လေးလုံး၊ ကတ်ထူဖာအခွံများ ထည့်ထားသည့် ဂိုဒေါင် တစ်လုံး၊ စားချက်ဆောင် တစ်လုံး၊ ပစ္စည်းတင်စင် (သံဖရိန်) ခြောက်ခု၊ ဂတ်စ်အိုး တစ်လုံး၊ သစ်ခွဲသားဆိုဒ်စုံ အချောင်း ၅၀ တို့ကို လည်းကောင်း။
ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီ ခန့်တွင် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၆ ရက်တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အရှေ့မြောက်ဘက် ကိုးကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်တဲ ငါးလုံး၊ ဂိုဒေါင် ငါးလုံး၊ လူနေတဲ ရှစ်လုံး၊ ခြောက်ပေဘွိုင်လာ ငါးလုံး၊ ငါးပေဘွိုင်လာ ငါးလုံး၊ စတီးမွှေစက် လေးလုံး၊ စတီးဗန်းအချပ် ၆၀၊ မူးယစ်ဆေးဝါးချက်ဖန်ပြွန် ၁၂၀၊ ဆေးပြားရိုက်စက် လေးလုံး၊ ဂတ်စ်အိုးအခွံ အလုံး ၁၂၀၊ ပီပါအပြာ အခွံ ၂၅၀၊ သံပီပါအခွံ ၅၀၊ မီးစက်ကြီး နှစ်လုံး၊ ခြောက်ဘီးကား အပြာ နှစ်စီးတို့ကိုလည်းကောင်း၊ ညနေ ၃ နာရီခန့်တွင် မန်ဖြတ်ကျေးရွာ၏ အနောက်တောင်ဘက် ၁၈ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၈ ရက်တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အရှေ့တောင်ဘက် လေးကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အလျား ၂၅ ပေ အနံ ၁၅ ပေ ရှိ မိုးကာလူနေတဲ တစ်လုံး၊ အလျား ပေ ၂၀၊ အနံ ၁၀ ပေရှိ မိုးကာစားချက်ဆောင် တစ်လုံး၊ ဘတ်ဟိုးယာဉ် တစ်စီးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း။
ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီခန့်တွင် အဆိုပါနေရာ၏ အနောက်တောင်ဘက် ရှစ်ကီလိုမီတာခန့်အကွာ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်သည်ဟု ယူဆရသော အလျား ပေ ၁၈၀၊ အနံ ပေ ၅၀၊ အမြင့် ၂၂ ပေရှိ သွပ်မိုးနှစ်ထပ်အဆောက်အအုံ နှစ်လုံး၊ အလျား ပေ ၁၂၀၊ အနံ ပေ ၆၀၊ အမြင့် ၂၂ ပေရှိ ဆောက်လုပ်ဆဲ နှစ်ထပ်အဆောက်အအုံ တစ်လုံး၊ အလျား ပေ ၂၀၀၊ အနံ ပေ ၂၀၊ အမြင့် ၁၂ ပေရှိ သံဖရိန် အထပ်သားကာအဆောက်အုံ တစ်လုံးတို့ ကိုလည်းကောင်း ထပ်မံဖော်ထုတ်တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက် ယနေ့ နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ မန်ဖြတ်ကျေးရွာ၏ အနောက်မြောက်ဘက် ၁၈ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၆ ရက်တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အနောက်တောင်ဘက် လေးကီလိုမီတာခန့်အကွာသို့ အရောက်၌ SSA အဖွဲ့များနေထိုင်သည့် အလျား ပေ ၄၀၊ အနံ ပေ ၂၀ ရှိ သွပ်မိုးအုတ်ကာ လူနေအဆောက်အအုံ တစ်လုံး၊ အလျား ပေ ၄၀၊ အနံ ၂၅ ပေရှိ သွပ်မိုးအုတ်ကာ စားချက်ဆောင် တစ်လုံး၊ အလျား ပေ ၂၀၊ အနံ ပေ ၂၀ ရှိ သွပ်မိုးဝါးကာ လူနေတဲ တစ်လုံး၊ အလျား ပေ ၂၀၊ အနံ ၁၅ ပေရှိ သွပ်မိုးအုတ်ကာ လူနေတဲ တစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ သွပ်မိုးအုတ်ကာ လူနေတဲ တစ်လုံး၊ အလျား ပေ ၂၀၊ အနံ ပေ ၂၀ ရှိ သွပ်မိုးအုတ်ကာ လူနေတဲ တစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ သွပ်မိုးထရံကာ လူနေတဲ တစ်လုံး၊ မြေစိုက်သစ်လုံးဘန်ကာ နှစ်လုံး၊ အကျယ်သုံးပေ အနက်သုံးပေ၊ အရှည် ပေ ၃၀၀ ရှိ ဆက်သွယ်ရေးမြောင်း၊ ထရံမိုးနှစ်ယောက်အိပ်တဲ နှစ်လုံး၊ ထရံမိုး ငါးယောက်အိပ်တဲ တစ်လုံး၊ အလျား ၂၄ ပေ၊ အနံ ၁၂ ပေရှိ သွပ်မိုးအုတ်ကာအဆောက်အုံ တစ်လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၂ ပေရှိ သွပ်မိုးအုတ်ကာအဆောက်အအုံ တစ်လုံး၊ အလျား ၂၄ ပေ၊ အနံ ၂၄ ပေရှိ သွပ်မိုးပျဉ်ကာ နှစ်ထပ်အဆောက်အအုံ တစ်လုံး၊ အလျား ပေ ၃၀၊ အနံ ပေ ၂၀ ရှိ သွပ်မိုးအုတ်ကာ အဆောက်အအုံ တစ်လုံး၊ အလျား ပေ ၂၀၊ အနံ ပေ ၂၀ ရှိ သွပ်မိုးအုတ်ကာ အဆောက်အအုံ တစ်လုံး၊ အလျား ၂၄ ပေ၊ အနံ ၁၅ ပေရှိ သွပ်မိုးအုတ်ကာ (ကားဂိုဒေါင်ပါ) အဆောက်အအုံတစ်လုံး၊ အလျား ၁၂ ပေ၊ အနံ ရှစ်ပေရှိ သွပ်မိုးအုတ်ကာ (ရေချိုးခန်း) အဆောက်အအုံ တစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ငါးပေရှိ သွပ်မိုးအုတ်ကာ (နှစ်လုံးတွဲအိမ်သာ) အဆောက်အအုံ တစ်လုံး၊ အလျားခြောက်ပေ၊ အနံခြောက်ပေရှိ သွပ်မိုးအုတ်ကာ ကင်းစောင့်တဲ တစ်လုံးတို့ဖြင့် အခိုင်အမာ တည်ဆောက်လျက် မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုအား အနီးကပ်လုံခြုံရေးပေးခဲ့သည်ဟု ယူဆရသည့် SSA လက်နက်ကိုင်အဖွဲ့အစည်း အင်အားစုအချို့ နေထိုင်ခဲ့သည့် စခန်းကြီးတစ်ခုအား ပစ်ခတ်ခုခံမှုမရှိဘဲ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း မြေပြင်သတင်းဖော်ထုတ်ပြီး ဒေသခံပြည်သူများ၏ သတင်းပေးပို့၍ ပူးပေါင်းပါဝင်မှုတို့နှင့်အတူ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများကို အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ကြောင်းများခွဲ၍ ဖော်ထုတ်ရှင်းလင်းခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၂၂ ရက်အထိ အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၁၃ နေရာနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ပြုလုပ်သည့်နေရာဟု ယူဆရသည့်နေရာ နှစ်နေရာတို့ကို ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအမြောက်အမြားနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများအနီး တစ်ဝိုက်တွင် SSA အဖွဲ့၏ ကာကင်း စခန်းတစ်ခုနှင့် အခိုင်အမာတည်ဆောက်ထားသည့် စခန်းနေရာ တစ်ခုတို့ကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ် ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျ မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းများရရှိပါကလည်း တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန် လိုအပ်ကြောင်းနှင့် သိမ်းဆည်းရမိ မူးယစ်ဆေးဝါး ဖြစ်စဉ်များတွင် အဓိက ပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


