နေပြည်တော် ဖေဖော်ဝါရီ ၃
ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွားပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်မှုကို ပိုမိုအားကောင်းလာစေရန်၊ ဝန်ထမ်းများ ပျော်ရွှင်ပြီး လုပ်ငန်းခွင်သာယာစေရန် ရည်ရွယ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၈)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဝန်ကြီးဌာနအောက်ရှိ ဌာနများနှင့် တက္ကသိုလ်တို့မှ ဝန်ထမ်းများ တပျော်တပါး ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး ဌာနများနှင့် တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း၏ ထမနဲထိုးယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပထမဆုရရှိသော မြန်မာ့သစ်လုပ်ငန်းအသင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ဒုတိယဆုရရှိသော သစ်တောဦးစီးဌာနအသင်းကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က တတိယဆုရရှိသော မြေတိုင်းဦးစီးဌာနအသင်းကို လည်းကောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နှစ်သိမ့်ဆုရရှိသော အသင်းများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


