နေပြည်တော် ၂၃ ဧပြီ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Irkutsk မြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် Irkutsk လေဆိပ်မှထွက်ခွာခဲ့ပြီး ညနေပိုင်းတွင် Omsk မြို့သို့ ရောက်ရှိရာ Russia-ASEAN Business Council ဥက္ကဋ္ဌ Mr. Ivan Polyakov နှင့်တာဝန်ရှိသူများက လေဆိပ်၌ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် JSC Radio Plant ပြတိုက်သို့ ရောက်ရှိကြပြီး JSC Radio Plant သမိုင်းကြောင်းနှင့် ဆက်သွယ်ရေး ကဏ္ဍ၏အရေးပါမှု Video အား ကြည့်ရှုကြကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် MKP-Media International Press Center သို့ရောက်ရှိကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် Information Agency Siberian News၊ Radio Siberia ၊ Prodvizhenie TV Channel ၊ BRICS TV Channel ၊ Information Agency OMSC HERE သတင်း ဌာနများနှင့်တွေ့ဆုံ၍ သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းချက်များ အား ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် Omsk မြို့မှဆက်လက်ထွက်ခွာခဲ့ပြီး ညပိုင်းတွင် မော်စကိုမြို့ရှိ Vnukovo-3 လေဆိပ်သို့ ရောက်ရှိကြရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V. Fomin ၊ ရုရှားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးကိုကိုရှိန်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


