နေပြည်တော် ဇန်နဝါရီ ၂၇
တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ် (၈၅)၊ တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၉)နှင့် တပ်မတော် (ရေ) အမျိုးသမီး အရာရှိငယ် သင်တန်းအမှတ်စဉ်(၁၀)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်း တက်ရောက် မိန့်ခွန်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ ရန်ကုန် တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများ၊ နည်းပြအရာရှိများ၊ ကျောင်းဆင်း အရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအားအလေးပြု ကြသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ရောက်ရှိလာပြီး ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများကို စစ်ဆေးသည်။
ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(ရေ)အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။
ဆက်လက်ပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ်(၈၅)မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၇၉၀ ဗိုလ် မင်းသွေးခန့်နှင့် ရေကြောင်းပညာ စာပေထူးချွန်ဆုရ ရေ ၅၇၈၀ ဗိုလ် ဇော်ဖြိုးအောင် တို့အားလည်းကောင်း၊ တပ်မတော်(ရေ)အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်း အမှတ်စဉ်(၅၉)မှ အကောင်းဆုံး ကျောင်းသား ဆုရ ရေ ၅၈၀၇ ဗိုလ် ကောင်းထက်ဝေနှင့် ရေကြောင်း အင်ဂျင်နီယာ ပညာစာပေထူးချွန်ဆုရ ရေ ၅၈၁၀ ဗိုလ် သူရိန်မြင့်အောင် တို့အားလည်းကောင်း၊ တပ်မတော် (ရေ) အမျိုးသမီး အရာရှိငယ် သင်တန်း အမှတ်စဉ်(၁၀)မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၈၁၆ ဗိုလ် ဒေါ်လပြည့်ဝင်း နှင့် ရေကြောင်းပညာစာပေထူးချွန် ဆုရ ရေ ၅၈၁၇ ဗိုလ် ဒေါ်ချစ်မေဇင် တို့အားလည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျ ကျော်ထင်ထိန်ဝင်းက သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် ရေတပ်လေ့ကျင့်ရေး ဌာနချုပ် အနေဖြင့် တပ်မတော်(ရေ)အတွက် သာမက နိုင်ငံတော်နှင့်တပ်မတော် အတွက် အားသစ်လောင်းမည့် မျိုးဆက်သစ် အရာရှိငယ်များကို အောင်မြင်စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း စာတွေ့ သင်ကြားခဲ့သည့်အပြင် ရေယာဉ် အခြေပြု လက်တွေ့လေ့ကျင့်မှု (Afloat Training) များကို စစ်ရေ ယာဉ်များတွင် တွဲဖက်လေ့ကျင့်သင်ကြားခြင်းများ၊ ပြည်ပနိုင်ငံများသို့ သွားရောက်သည့် စစ်ရေယာဉ်များနှင့် ပင်လယ်ပြင် ရေကြောင်းဆိုင်ရာ လေ့ကျင့်ခန်းများ ဆောင်ရွက်ရာတွင် လိုက်ပါစေ၍ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်မှုများ ဆောင်ရွက်ပေးခဲ့ ပြီးဖြစ်ကြောင်း၊ ပင်လယ်ပြင် စစ်ဆင်ရေး၊ မြစ်တွင်းစစ်ဆင်ရေးနှင့် သယ်ယူပို့ဆောင်ရေး တာဝန်များကိုပါ ပူးတွဲတာဝန် ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ ရေတပ်စစ်နည်းဗျူဟာများကို အခြေခံကျကျ သိရှိတတ်မြောက်မှသာလျှင် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် အခြေခံရေတပ် စစ်နည်းဗျူဟာသင်တန်းကို ဖွင့်လှစ် သင်ကြားခဲ့ကြောင်း၊ ယခု သင်ကြားပေးလိုက်သည့် ရေတပ် ပညာရပ်များသည် ရေတပ်အရာရှိ ဘဝကို စတင်ရန်အတွက် အခြေခံမျှသာ ရှိသေးသဖြင့် Long Life Learning ဆိုသည့်အတိုင်း ရေတပ်အရာရှိဘဝ တစ်လျှောက်လုံး လေ့လာသင်ယူသွားကြရန် အထူးလိုအပ်ကြောင်း။
လေ့ကျင့်သင်ကြားပေး
ခေါင်းဆောင်မှု ဆိုသည်မှာ မွေးရာပါအရည်အချင်းမဟုတ်ဘဲ ကိုယ်တိုင်လေ့လာ၊ ကျင့်ကြံ၊ ကြိုးစားအားထုတ်ပြီး ရယူရခြင်းဖြစ်သည့်အတွက် တပ်မတော်တွင် ပြဋ္ဌာန်းထားသည့် ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆)ရပ်နှင့် ပြည့်စုံရန် ကိုယ်တိုင် ကြိုးစားလုပ်ဆောင် သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ရှိ အင်ဂျင်နီယာ အရာရှိ၊ စစ်သည်များ၏ အရည်အချင်း ပြည့်ဝမှုနှင့် ကြိုးပမ်း လုပ်ဆောင်မှုများကြောင့် တန်ချိန် ပေါင်း ၃၅၀၀ ရှိသည့် ဖရီဂိတ် အမျိုးအစား စစ်ရေယာဉ်ကြီးအပါအဝင် အခြားစစ်ရေယာဉ် အမျိုးအစားစုံတို့ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော်အတွက် လိုအပ်သည့် ရေယာဉ် အမျိုးအစားများကို လည်း ဆက်လက်တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း၊ တပ်မတော်(ရေ) အမျိုးသမီး အရာရှိ၊ စစ်သည်များကို လှိုင်း လေကြမ်းတမ်းသည့် ပင်လယ်ပြင်တွင် အမျိုးသားအရာရှိ၊ စစ်သည်များနည်းတူ စိတ်ဓာတ်ပိုင်းနဲ့ ကိုယ်ခန္ဓာပိုင်း ကြံ့ခိုင်မှုရှိအောင် လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ရေကူးနှင့် လှေလှော်ရွက်တိုက် တို့ကို ကျွမ်းကျင်မှုရှိစေရေး လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း။
တပ်မတော်(ရေ) အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေအရ တပ်မတော် (ကြည်း)၊ တပ်မတော်(လေ)တို့နှင့် အတူ စစ်ဆင်ရေးနှင့် လုံခြုံရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် စစ်ဆင်ရေး၊ စစ်ဘက် သယ်ယူပို့ဆောင်ရေး တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း။
အရာရှိများဖြစ်သည်နှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပေးအပ်သော တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်မည်ဆိုသည့် သန္နိဋ္ဌာန်စိတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်သွားရန် အထူးလိုအပ်ကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာများ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒ/ ညွှန်ကြားချက်များကို စဉ်ဆက်မပြတ် လေ့လာနေရမည် ဖြစ်ပြီး အသိပညာဗဟုသုတ ပြည့်ဝရေးအတွက် လက်ရှိမြန်မာ့ နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးအခြေ အနေများကို မျက်ခြည်မပြတ်စေရေး လေ့လာမှတ်သားနေရန် လိုအပ်ကြောင်း၊ ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆)ချက်နှင့်အညီ ပြုမူ နေထိုင်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်၍ အမိန့်နှင့်စည်းကမ်းကို စံနမူနာပြလိုက်နာပြီး ပေးအပ်လာမည့် တာဝန်များကို စွမ်းရည် ပြည့်ဝစွာနှင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် စည်းကမ်း ကောင်းမွန်သော ခေါင်းဆောင် ငယ်များဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ “လှိုင်းလေခက်ထန် ကြမ်းတမ်းသည့် ပင်လယ်ပြင်တွင် လူပျော့လူညံ့များအတွက် နေရာ မရှိ”ဆိုသည့် စကားအတိုင်း ကျန်းမာကြံ့ခိုင်သော ပင်လယ် ပျော်ရေတပ်သားများ ဖြစ်စေရေး လေ့ကျင့်၍ “လှေခွက်ချည်းကျန် အလံမလှဲ” စိတ်ဓာတ်ဖြင့် ရင်ဆိုင် ကျော်လွှား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကာကွယ်ရေးဦးစီး ချုပ်(ရေ)သည် ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။ စစ်ရေးပြအခမ်း အနားအပြီးတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ)သည် ရေတပ် လေ့ကျင့်ရေးဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ကျောင်းဆင်း အရာရှိများနှင့် ၎င်းတို့၏ မိဘများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
တက်ရောက်
ထို့နောက် ညပိုင်းတွင် သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်နှင့်ဇနီး၊ စစ်ဦးစီး အရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် ဇနီး၊ တပ်မတော်(ရေ)မှ အရာရှိကြီးများ နှင့်ဇနီးများ၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နည်းပြအရာရှိများ၊ ကျောင်းဆင်း အရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်းအရာရှိများနှင့် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု အောက်ရှိ တေးဂီတအဖွဲ့နှင့် တပ်မတော်(ရေ) တေးဂီတအဖွဲ့တို့၏ တေးသီချင်းများနှင့် တေးသရုပ်ဖော် အစီအစဉ်များဖြင့် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများအား ကြည့်ရှုအားပေးသည်။
ညစာစားပွဲ အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်းသည် ကျောင်းဆင်း အရာရှိများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


