နေပြည်တော် ၂၃  ဧပြီ

          

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်တုန်းပြည်နယ်၊ ချင်းတောင်မြို့တွင် ကျင်းပပြုလုပ်မည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရေတပ် (People's Liberation Army-PLA Navy)၏ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် International Fleet Review -IFR အခမ်းအနားနှင့် China-ASEAN Joint Maritime Exercise သို့တက်ရောက်ရန် အတွက် ဗိုလ်မှူးချုပ်ဇွဲဝင်းမြင့် ဦးဆောင်သည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် ဧပြီ ၁၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ်(၃) ရေတပ်ဆိပ်ခံ တံတားမှ ထွက်ခွာခဲ့ပြီး ယမန်နေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချင်းတောင် ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း သိရသည်။

 

စစ်ရေယာဉ် (ဆင်ဖြူရှင်) သည် ရန်ကုန်ဆိပ်ကမ်းမှ ချင်းတောင် ဆိပ်ကမ်းသို့ ရေမိုင်ပေါင်း ၃၈ဝဝ ကျော်အား ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံရေပြင်များနှင့် အက်ဒမန်ပင်လယ်၊ မလက္ကာရေလက်ကြား၊ တောင်တရုတ် ပင်လယ်၊ ထိုင်ဝမ်ရေ လက်ကြား၊ အရှေ့တရုတ်ပင်လယ်နှင့် ပင်လယ်ဝါ တို့အား ဖြတ်သန်းမောင်းနှင်ခဲ့ပြီး လမ်းခရီးတစ်လျှောက် ရေယာဉ်ပေါ် လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့သည်။ 

     

အဆိုပါ စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် ချင်းတောင်ဆိပ်ကမ်းသို့ ရောက်ရှိစဉ် ယနေ့၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရေတပ် (People's Liberation Army-PLA Navy)၏ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် International Fleet Review –IFR အခမ်းအနားသို့ ပါဝင် တက်ရောက်မည် ဖြစ်ပြီး ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ အခမ်းအနားသို့ တက်ရောက်လာသည့် စစ်ရေယာဉ်များ အပြန်အလှန်လေ့လာခြင်း၊ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ချင်းတောင်မြို့တွင်း လေ့လာရေးခရီး သွားရောက်ခြင်းနှင့် ချင်းတောင်မြို့အနီး ပင်လယ်ပြင်တွင် တရုတ်ပြည်သူ့လွတ် မြောက်ရေး တပ်မတော်ရေတပ်နှင့် အာဆီယံနိုင်ငံများမှ စစ်ရေယာဉ်များနှင့် အတူ China-ASEAN Joint Maritime Exercise ပြုလုပ်ခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ 

     

China-ASEAN Joint Maritime Exercise တွင် ပုံပြုမောင်းနှင်ခြင်း လေ့ကျင့်ခန်းများ၊ ရေယာဉ်ပေါ် တက်ရောက်ရှာဖွေ စီးနင်းသိမ်းပိုက်ခြင်း လေ့ကျင့်ခန်းများ၊ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းများ၊ ရဟတ် ယာဉ်များ အပြန်အလှန် ဆင်းသက်ခြင်း လေ့ကျင့်ခန်းများ၊ ဆက်သွယ်ရေး လေ့ကျင့်ခန်းများနှင့် ဒဏ်ရာရလူနာများ သယ်ယူရွှေ့ပြောင်းခြင်းနှင့် ကုသမှုလေ့ကျင့်ခန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

(သတင်းစဉ်)

 

1