ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါး ဧက ၁၃၄၁၀၀၀ ကျော် စိုက်ပျိုး သွားမည်

ယခုနှစ်တွင်ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါး ဧက ၁၃၄၁၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

"ကျွန်တော်တို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ကတော့ နွေစပါးစိုက်ပျိုးတဲ့ တောင်သူတွေကို နည်းပညာပေးလုပ်ငန်းတွေ၊ တောင်သူတွေ လိုအပ်တဲ့ မျိုးစပါး မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်တဲ့ တောင်သူ၊ စိုက်ပျိုးတဲ့တောင်သူတွေကို စိုက်ပျိုးရေးဌာန အောက်မှာရှိတဲ့ ခြံကနေ ချိတ်ဆက်ပြီး မျိုးစပါး ပြန့်ပွားရေးနဲ့ ဖြန့်ဖြူးရေးကို ဆောင်ရွက်ပေးပါတယ်။ မြေသြဇာသုံးစွဲမှု နည်းပညာနဲ့ လိုအပ်တဲ့ စက်ယန္တရားတွေကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်”ဟု တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦး မျိုးဇော်ကပြောသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ယခင်နွေစပါးစိုက်ပျိုးချိန် တွင် စိုက်ပျိုးရေးဦးစီးဌာ အနေဖြင့် နွေစပါး ဧက ၁၃၃၈၀၀၀ စိုက်ပျိုးရန်လျာထားခဲ့သော်လည်း ဧက ၁၃၇၅၀၀၀ ကျော်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် နွေစပါး စိုက်ပျိုးချိန်တွင် ၁၃၄၁၈၇၅ ဧက စိုက်ပျိုးရန်လျာထားပြီး နိုဝင်ဘာလအထိ ၁၁၅၇၈၉ ဧကကို စိုက်ပျိုးထာပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးရုံးမှ သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေစပါး ဧက ၁၃၀၀၀၀ အများဆုံးစိုက်ပျိုးရန်လျာထာပြီး ဒုတိယအနေဖြင့် ကျိုက်လတ်မြို့နယ်တွင် ဧက ၁၁၅၀၀၀ နှင့် မြောင်းမြမြို့နယ်တွင် ဧက ၁၁၃၀၀၀ အများဆုံး စိုက်ပျိုးရန်လျာထာကြောင်းနှင့် ယခင်မိုးတွင်းကာလတွင် မိုးစပါး ဧက ၃၇၅၅၈၀၀ စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။

 

တောင်သူများအနေဖြင့် စပါးမျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန်နှင့် လိုအပ်သော ရိတ်သိမ်းခြွေလှေ့စက်များအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ လာရောက်ချိတ်ဆက် အကူအညီများတောင်ခံနိုင်ကြောင်းနှင့် စိုက်ပျိုးရေးနှင့်ပတ်သက်သော အကူအညီများ တောင်းခံနိုင်ကြောင်း သိရသည်။

 

မင်းထွန်းဇော် (၁၂၆)