၈ အောက်တိုဘာ
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဖာရတ်ဘ်ပြည်နယ် ကဝါဂျာ ဆဘ်ပိုရှ်ဒေသတွင် တိုက်ပွဲဖြစ်ပွားသဖြင့် စစ်သွေးကြွ ရှစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် အတည်ပြုဖော်ပြထားသည်။
ကြာသပတေးနေ့က ကဝါဂျာ ဆဘ်ပိုရှ်ခရိုင် အာနာဘစ်ကျေးရွာရှိ လုံခြုံရေးဂိတ်များကို တာလီဘန်စစ်သွေးကြွများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
ရဲတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ရှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြား ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အဆိုပါစစ်သွေးကြွများ ထွက်ပြေး တိမ်းရှောင်သွားကြောင်းနှင့် ထိုအပြန်အလှန်ပစ်ခတ်မှုတွင် အပြစ်မဲ့ရွာသားတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
လုံခြုံရေးတပ်ဖွဲ့များသည် ထိုထွက်ပြေးသွားသော စစ်သွေးကြွများကို လိုက်လံဖမ်းဆီးသွားမည် ဖြစ်ကြောင်း ထပ်လောင်းဖော်ပြထားသည်။
ဖာရတ်ဘ်ပြည်နယ်ဒေသများတွင်လှုပ်ရှားနေသော တာလီဘန်စစ်သွေးကြွများကမူ ထိုတိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခြင်းမရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို