၂၂ အောက်တိုဘာ
ဘာစီလိုနာအသင်းမှာ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းရဲ့ တကယ့်ခြေစွမ်း အစစ်အမှန်ကို မြင်တွေ့ရခြင်း မရှိတာက ဘာကာတိုက်စစ်မှူး မက်ဆီရဲ့ လွှမ်းမိုးမှုတွေကြောင့်သာ ဖြစ်ကြောင်း အာဆင်နယ် နည်းပြဟောင်း ဝင်းဂါးက သုံးသပ်ပါတယ်။
ဂရစ်ဇ်မန်းဟာ အက်သလက်တီကို ကနေ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့လာ ကတည်းက ယခင်ခြေစွမ်းမျိုး မရှိတော့ဘဲ သူ့ရဲ့ အကောင်းဆုံး ပုံစံပျောက်ဆုံး သွားခဲ့ပါတယ်။ ယခုနှစ် ဘောလုံးရာသီ ဘာစီလိုနာကို နည်းပြ ကိုးမန်း ရောက်ရှိလာချိန် မှာတော့ ဂရစ်ဇ်မန်းဟာ သူအကောင်းဆုံး ကစားနိုင်တဲ့ ဗဟို တိုက်စစ်နေရာမှာ မကစားရဘဲ ညာတောင်ပံတိုက်စစ် နေရာမှာ ထွက်ကစားခဲ့ရပါတယ်။
သူကစားနေကျ နေရာကိုတော့ မက်ဆီကို လွှဲပြောင်းပေးခဲ့ရပြီး မက်ဆီက ခုနစ်ဂိုးသွင်း၊ ခြောက်ဂိုး ဖန်တီးဆိုတဲ့ ရလဒ်တွေ ရယူထားနိုင်ချိန် ဂရစ်ဇ်မန်းက သွင်းဂိုးတစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိခဲ့သလို ဂိုးသွင်းခွင့်၊ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဖယ်ရန်ဘာရို့စ် အသင်းကို ဘာစီလိုနာက ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂရစ်ဇ်မန်းဟာ ပွဲစဉ်တစ်လျောက် အရန်ခုံမှာပဲ ထိုင်နေခဲ့ရပါတယ်။
ဝင်းဂါးက “အစပိုင်းမှာတော့ သူ( ဂရစ်ဇ်မန်း)က ဒါကို လက်ခံနိုင်ပါလိမ့်မယ်။ ရေရှည်အတွက်ကတော့ သူ့ ကစားသမား ဘဝကြီးကို ထိခိုက်စေပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။ ဂရစ်ဇ်မန်းက လုပ်အားနှုန်း ကောင်းမွန်ပြီး ဘောလုံးပေးပို့မှုပိုင်းမှာလည်း တိကျသူဖြစ်လို့ ဗဟို တိုက်စစ်မှာထား ကစားခြင်းက အကောင်းဆုံးဖြစ်ကြောင်းလည်း ဝင်းဂါးက အကြံပြုထားပါတယ်။
မေလဲ့သင်း