ဉရောပတိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်လာမှုအပေါ် WHO စိုးရိမ်

၂၇ အောက်တိုဘာ

 

 

ဉရောပနိုင်ငံများတွင် ယခုဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကူးစက်မှုများ ထိန်းချုပ်ရန် ခက်ခဲလာနေခြင်းအပေါ် စိုးရိမ်မိကြောင်း WHO က ထုတ်ဖော်ပြောကြားခဲ့သည်။

 

 

WHO ၏ အကြီးအကဲဖြစ်သူ မိုက်ကယ်ရိုင်ယန်က တနင်္လာနေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

ကူးစက်မှုနှုန်း မြင့်မားနေသည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့အနေဖြင့် အပြုသဘောဆောင်သည့် လူနာများအား ဆက်သွယ်ခြေရာခံမှု အပိုင်းမှာ အားနည်းလျက် ရှိသည်ကို မြင်တွေ့နေရကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်ရန် တစ်နိုင်ငံလုံး၌ သွားလာမှု ကန့်သတ်ချက် သတ်မှတ်ရန် လိုအပ်မည် မဟုတ်ဟု မာရီယာ ဗန်ကာကိုဗီက ပြောကြားခဲ့သည်။

 

 

ကူးစက်ခံရမှုမှ ကာကွယ်ရန်အတွက် လူစုလူဝေများမှ ရှောင်ရှားခြင်း၊ သံသယရှိသူများကို စစ်ဆေးခြင်း၊ ရောဂါရှိသူကို သီးခြားခွဲနေထိုင်စေခြင်း  စသည့်နည်းလမ်းများကို အသုံးပြုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ဗိုင်းရပ်စ် ကူးစက်မှုနှုန်းမှာ တစ်သန်းကျော်သို့ ရောက်ရှိသွားပြီဟု ယခုလအစောပိုင်းတွင် ပြင်သစ်နှင့် စပိန်နိုင်ငံတို့က ထုတ်ပြန်ခဲ့သည်။

 

 

ဥရောပနိုင်ငံ အများစုက ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားလျက်ရှိပြီး စားသောက်ဆိုင်များ အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်စေရန်အတွက် အမိန့်ထုတ်ပြန်ထားလျက် ရှိသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်