၇ နိုဝင်ဘာ
ဥရောပ နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်မှု ဒုတိယလှိုင်း မြင့်တက်နေချိန်မှာ ရောဂါပိုးကြောင့် သေဆုံးသူ ဟာ ၃၀၀,၀၀၀ ကျော်သွားကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ရာ ဗဟိုချက်ဖြစ်လာတဲ့ ဥရောပနိုင်ငံတွေထဲက အီတလီမှာ မနေ့ကစပြီး အသွားအလာပိတ်ဆို့ကန့်သတ်မှု လုပ်ဆောင်သလို ဗြိတိန်နိုင်ငံက လူဦးရေ ၅ သိန်းနေထိုင်တဲ့ လီဗာပူးမြို့မှာ တစ်မြို့လုံးကို ရောဂါပိုးစစ်ဆေးနေတာကို တွေ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အရေအတွက် ဥရောပနိုင်ငံတွေမှာ စုစုပေါင်း ၁၂ သန်းကျော်နဲ့ သေဆုံးသူ အရေအတွက်ဟာ ၃၀၀,၆၈၈ ဦးရှိကြောင်း သောကြာနေ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဥရောပအတွင်းက သေဆုံးသူ စုစုပေါင်း အရေအတွက်ရဲ့ သုံးပုံနှစ်ပုံဟာ ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ စပိန်နဲ့ရုရှားနိုင်ငံတွေမှာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်ပိုးကူးစက်မှုတွေ ထိန်းချုပ်ရန် နိုင်ငံအများအပြားဟာ တင်းကြပ်တဲ့ စည်းမျဉ်းတွေ ပြဋ္ဌာန်း ခဲ့ပါတယ်။ လက်တလောအနေနဲ့ အီတလီနိုင်ငံရဲ့ ဒေသအချို့မှာ လုပ်ငန်းတွေ ပိတ်ပင်တာမျိုး လုပ်ဆောင်သလို ဂရိနိုင်ငံမှာ ဒီနေ့ (စနေနေ့) ကစပြီး နေအိမ်တွေမှာ နေထိုင်ရန် အမိန့်ထုတ်ပြန်ထားပါတယ်။
MDN
ကိုးကား - AFP