(၁၇) ကြိမ်မြောက် အာဆီယံ − တရုတ်ကုန်စည်ပြပွဲ (CAEXPO) သို့ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဗွီဒီယိုမိန့်ခွန်းပေးပို့

နေပြည်တော် ၂၇  နိုဝင်ဘာ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ယနေ့ ကျင်းပသည့် (၁၇) ကြိမ်မြောက် အာဆီယံ−တရုတ် ကုန်စည်ပြပွဲ  စားပွဲဝိုင်းဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဗွီဒီယိုမိန့်ခွန်း ပေးပို့ခဲ့သည်။ 

အဆိုပါ မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အစီအမံများနှင့် ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံရှိ  ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။ 

အာဆီယံ − တရုတ်ကုန်စည်ပြပွဲ (CAEXPO) ကို ၂၀၀၄ ခုနှစ် မှစတင်၍ ကျင်းပခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ပြည်သူအချင်းချင်း ဆက်နွှယ်မှု တိုးမြှင့်ရန်အတွက် အရေးပါသည့် အစီအစဉ်တစ်ခုဖြစ်သည်။ ယင်းဆွေးနွေးပွဲများသည် အာဆီယံနိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား  ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ရန် ရည်ရွယ်သည်။ 

ယခုနှစ်ပြပွဲ၏ဆောင်ပုဒ်မှာ “ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်ရေးနှင့် ဒစ်ဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာစေရေး” (Building the Belt and Road, Strengthening Digital Economy Cooperation) ဟူ၍ ဖြစ်သည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာလုပ်ငန်းရှင် ကုမ္ပဏီများအနေဖြင့် ယခုနှစ် ကုန်စည်ပြပွဲသို့ သွားရောက် ပြသနိုင်ခြင်း မရှိသော်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ရောက်ရှိနေသော မြန်မာလုပ်ငန်းရှင်များက မြန်မာ့ထွက်ကုန် နမူနာပစ္စည်းများကို မြန်မာသံရုံး (ပေကျင်း) နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး (နန်နင်း) တို့၏ ပူးပေါင်းကူညီမှုများဖြင့် စုစုပေါင်းပြခန်း ၂၈ ခန်းအထိ ပါဝင်ပြသလျက်ရှိသည်။ 

ထို့ပြင် အာဆီယံနိုင်ငံများမှ လုပ်ငန်းများအတွက် အွန်လိုင်းပြပွဲတစ်ရပ်ကိုလည်း တစ်ပြိုက်နက်တည်း ခင်းကျင်းထားရှိပြီး မြန်မာနိုင်ငံမှ ကုန်စည်ပြခန်းပေါင်း ၃၆ ခန်း ပါဝင် ပြသထားကာ တစ်နှစ်ပတ်လုံး ပြသပေးသွားမည် ဖြစ်သည်။ 

ယခုနှစ် ကျင်းပသည့် ကုန်စည်ပြပွဲတွင် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

သတင်းစဉ်