မြင်းမူ ၂၈ နိုဝင်ဘာ
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့အားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသည့် မိုးလုံလေလုံ အားကစားရုံ တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက နိုဝင်ဘာ ၂၇ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးလုံလေလုံအားကစားရုံမှာ အလျား ပေ (၁၂၀)၊ အနံ ပေ (၉၀)ပေရှိပြီး အတွင်းပိုင်းတွင် (၂)ဖက် ပွဲကြည့်စင်များ ထည့်သွင်းတည်ဆောက်ထားကြောင်း၊ အားကစားနည်းများအနေဖြင့် ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ဘက်စကက်ဘော၊ ရိုးရာခြင်း၊အေရိုးဗစ်၊စားပွဲတင်တင်းနစ်၊ ဖူဆယ်နှင့် အခြားအားကစားနည်းများကို ထည့်သွင်းကျင်းပနိုင်မည်ဖြစ်ကြောင်းနှင့် နေပူမိုးရွာမရှောင် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် မြို့နယ်အားကစားကဏ္ဍများဖွံ့ဖြိုးလာနိုင်ကြောင်း၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အား/ကာမှူး ဦးဝင်းလှိုင်ထံမှ သိရသည်။
မိုးလုံလေလုံ အားကစားရုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၂၆၁ ဒသမ ၁၀ ) သန်းဖြင့် Friends Tech 99 ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခြင်း ဖြစ်ကာ ပွဲကြည့်စင်(၂)ခုမှ ပရိသတ်(၅၀၀) ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)