စေတုတ္တရာ ၂၉ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာများရှိ တိရစ္ဆာန်များ ကူးစက်ရောဂါကင်းရှင်းစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မွန်ဇော်ကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ် ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်က ဦးဆောင်၍ မွန်ဇော်ကျေးရွာရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွား အကောင်ရေ(၁၂၀)ခန့်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် တိရိစ္ဆာန်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်လိုပါက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းနှင့် အဆိုပါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ်အတွင်း ကျန်ရှိနေသေးသည့် ကျေးရွာများတွင် ဆက်လက် ထိုးနှံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)