၇ ဇန်နဝါရီ
မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က လက်ရှိအချိန်မှာ တန်ဖိုး ပေါင်သန်း ၁၅၀ နဲ့ ကမ္ဘာ့တန်ဖိုး အမြင့်ဆုံး ကစားသမားအဖြစ် ကစားသမားများ တန်ဖိုး စောင့်ကြည့်ရေးအဖွဲ့ (CISE)က ဖော်ပြပါတယ်။
မနှစ်က ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကစားသမားဖြစ်ခဲ့တဲ့ ဘာပေရဲ့ တန်ဖိုးကိုတော့ CISE က ပေါင် ၁၃၅ သန်းလို့ သတ်မှတ်ပါတယ်။ ဘာပေထက် တန်ဖိုးမြင့်တဲ့ ကစားသမားတွေကတော့ ဟာလန်း ( ၁၃၇ ဒသမ ၃ သန်း)၊ အာနိုး (၁၃၇ သန်း)နဲ့ ဖရူနိုဖာနန်ဒက်ဇ် ( ၁၃၅ ဒသမ ၁ သန်း)တို့ ဖြစ်ပါတယ်။
တန်ဖိုးအမြင့်ဆုံး ကစားသမား ၁၀ ဦးစာရင်းမှာ ဒေါ့မွန်တိုက်စစ်မှူး ဆန်ချို၊ အက်သလက်တီကို တိုက်စစ်မှူး ဂျာအိုဖိလစ်၊ ဘိုင်ယန်ရဲ့ အဖွန်ဆိုဒေးဗီးစ်၊ မန်စီးတီးကစားသမား စတာလင်းနဲ့ ချယ်လ်ဆီး တိုက်စစ်မှူး ခိုင်ဟာဗက်ဇ်တို့ ပါဝင်နေကြပါတယ်။ တန်ဖိုးမြင့် ကစားသမား စာရင်းကတော့ အဖွန်ဆိုဒေးဗီးစ်နဲ့ အာနိုးတို့ကလွဲရင် အစဉ်အလာအတိုင်း တိုက်စစ်ကစားသမား အများစုကသာ လွှမ်းမိုးထားတာကို တွေ့ရပါတယ်။
ဒါပေမယ့် CISE ရဲ့ ထုတ်ပြန်ချက်က လက်ရှိခြေစွမ်းပေါ်မူတည်နေပြီး တွက်ချက်တာဖြစ်တာကြောင့် ဈေးကွက်ပေါက်ကြေးနဲ့ ကွာဟချက်ရှိပြီး ဘောလုံးအပြောင်းအရွှေ့ဈေးကွက်မှာတော့ ဘာပေကသာ ပြောင်းရွှေ့ကြေး သန်း ၂၀၀ နီးပါး တန်ကြေးရှိတဲ့ ကစားသမားဖြစ်နေဆဲ ဖြစ်ပါတယ်။
မေလဲ့သင်း