ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများအတွက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်လှူဒါန်း

ဒီးမော့ဆို၊ ၁၃ ဇန်နဝါရီ

 

ကယားပြည်နယ် အစိုးရအဖွဲ့အနေနှင့် ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ လိုအပ်ချက်၊ တင်ပြချက်များအပေါ် အလေးထား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်တွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာ၌ ဘာသာရေးဆိုင်ရာ အဆောက်အဦဆောက်လုပ်ရာတွင် လိုအပ်သော အလှူငွေများအား သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုနှင့်အတူ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်(၃)ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက ဒီးမော့ဆိုမြို့နယ် မြို့တော်ခန်းမသို့ ရောက်ရှိပြီး ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့တွင် မြို့တော်ခန်းမ ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရူစစ်ဆေးခဲ့သည်။

 

ဆက်လက်၍ ခေတ္တဝန်ကြီးချုပ်နှင့် အဖွဲ့သည် ထီးပွင့်ကန်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး အလှူငွေကျပ် သိန်း (၅၀) ကို ပေးအပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသည့် ဉာဏ်တော်အမြင့် ၅၄ ပေရှိ မဟာကံပွင့်အောင်မြင်စွာဘုရားကြီး တည်ထားနေမှုအခြေအနေအား ဖူးမြော်ကြည်ညိုသည်။

 

ထို့နောက် ဒေါညေးခူကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေကျပ် သိန်း (၁၀၀)၊ ဒေါတမကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် အလှူငွေကျပ် သိန်း (၁၁၀)၊ ဒေါကော့ကျေးရွာ ခရစ်ယာန်ဘုန်းတော်ကြီးနေအိမ် အပြီးသတ်ဆောက်လုပ်နိုင်ရန်အတွက် အလှူငွေကျပ် (၁၀)သိန်း၊ ဒေါတချကျေးရွာ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းတွင် ရေစင်နှင့် အိမ်သာ ဆောက်လုပ်ရန်အတွက် အလှူငွေကျပ် (၁၀)သိန်း၊ ကျေးရွာဘောလုံးကွင်း ပြုပြင်ရန်အတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို  သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

           

ရီရယ်(ဒီးမော့ဆို)