နိုင်ငံခြားသားကစားသမားများ ဟံသာဝတီအသင်း ခေါ်ယူမည်

ရန်ကုန် ၂၆ ဇန်နဝါရီ

MNL ကလပ် ဟံသာဝတီယူနိုက်တက်အသင်းသည် လာမည့်ရာသီအတွက် နိုင်ငံခြားသားကစားသမားများ ခေါ်ယူအားဖြည့်သွားမည်ဖြစ်သည်။

ဟံသာဝတီအသင်းသည် ၂၀၂၀ ရာသီက အသုံးပြုခဲ့သည့် နိုင်ငံခြားသားကစားသမားသုံးဦးအနက် နှစ်ဦးကို သက်တမ်းတိုးမည်ဖြစ်ပြီး တိုက်စစ်မှူးအသစ် တစ်ဦးခေါ်ယူမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် တိုက်စစ်မှူး နေရာအတွက် ၂၀၁၈ ရာသီက အသုံးပြုခဲ့သည့် ယူဂန္ဓာတိုက်စစ်မှူး ဂျိူးဇက်ကိုပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် အတည်ပြုနိုင်မည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် ပြီးခဲ့သည့်ရာသီက အသုံးပြုခဲ့သည့် နောက်ခံလူ မိုကာလူးနှင့် တိုက်စစ်မှူး ဒိုနယ်ကို ဆက်လက်အသုံးပြုဖွယ်ရှိနေသည်။ ဟံသာဝတီ အသင်းသည် လာမည့်ရာသီတွင် နိုင်ငံခြားသားကစားသမားသုံးဦး အသုံးပြုမည်ဖြစ်ပြီး ရာသီသစ်အတွက် ပြည်တွင်းကစားသမားသစ် ခုနစ်ဦး ခေါ်ယူထားပြီးဖြစ်သည်။

ဟံသာဝတီအသင်းသည် လာမည့်ရာသီတွင် ပြည်တွင်းပြိုင်ပွဲများအပြင် AFC Cup ပြိုင်ပွဲလည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ညီမြတ်သော်တာ