အာဆီယံဘောလုံးအဖွဲ့ချုပ်က ယခုနှစ်အတွင်း ကျင်းပမည့် ပြိုင်ပွဲအများစု ကျင်းပနိုင်ရန် မသေချာသေး

ရန်ကုန်   ဇွန်   ၂၃

အာဆီယံဘောလုံးအဖွဲ့ချုပ်က ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် အာဆီယံအဆင့်ပြိုင်ပွဲ အများစု မှာ ကျင်းပနိုင်ရန် မသေချာသေးဘဲ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် ကျင်းပနိုင်ခြင်း ရှိ မရှိ အတည်ပြုမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာဆီယံအဆင့်ပြိုင်ပွဲအားလုံး ဖျက်သိမ်းခဲ့ရပြီး ယခုနှစ်တွင်လည်း ကျင်းပနိုင်ရန် မသေချာသေးသည့်အနေအထားနှင့် ထပ်မံရင်ဆိုင်နေရခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင် အမျိုးသားဘောလုံးပြိုင်ပွဲ သုံးခု၊ အမျိုးသမီးပြိုင်ပွဲ သုံးခု၊ ဖူဆယ် ပြိုင်ပွဲနှစ်ခုနှင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲတစ်ခုဖြင့် ပြိုင်ပွဲ စုစုပေါင်း ကိုးခုအထိ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲများအနက် ကပ်ရောဂါ အခြေအနေကြောင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကိုသာ ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ကျန်ပြိုင်ပွဲအများစုမှာ ဖျက်သိမ်းရမည့် အနေအထားတွင် ရှိနေခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင်ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲကိုးခုအနက် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကိုသာ စပွန်ဆာကိစ္စကြောင့် မဖြစ်မနေကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ကျန်ပြိုင်ပွဲများဖြစ်သည့် အမျိုးသားပြိုင်ပွဲများဖြစ်သည့် အာဆီယံ ယူ-၁၉ ဘောလုံး ပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲ၊ အာဆီယံဖူဆယ်ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ၊ အာဆီယံ သဲသောင်ပြင် ဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲများဖြစ်သည့် အာဆီယံ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲနှင့် အာဆီယံယူ-၁၆ ဘောလုံး ပြိုင်ပွဲတို့မှာ ကျင်းပနိုင်ရန် မသေချာသေးခြင်း ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲရှစ်ခုကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့၌ ကျင်းပရန်စီစဉ်ထားခြင်းဖြစ်ပြီး သြဂုတ်နောက်ပိုင်းပြုလုပ်ရန် လျာထားခြင်း ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးကော်မတီအစည်းအဝေးတွင် ယခုနှစ် အတွင်းကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲများ နှင့်ပတ်သက်၍ ထုတ်ပြန်မည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံအများစုတွင် ကပ်ရောဂါ ကူးစက်မှုနှုန်းမှာ သိသိသာသာ မြင့်တက်လာသဖြင့် ပြိုင်ပွဲများကျင်းပနိုင်ရန် ခက်ခဲနိုင်ဖွယ် ရှိနေသည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကိုသာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပရန် ရက်သတ်မှတ်ထားပြီး အုပ်စုမဲခွဲပွဲကို သြဂုတ် ၁၀ ရက်တွင် ပြုလုပ် မည်ဖြစ်သည်။

မြန်မာအသင်းများအနေဖြင့် အာဆီယံဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့်ပြိုင်ပွဲ အများစုတွင် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှစ်တွင်ကျင်းပမည့် ပြိုင်ပွဲများအနက် သဲသောင်ပြင် ဘောလုံးပြိုင်ပွဲမှ လွဲ၍ ကျန်ပြိုင်ပွဲအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ရဲရင့်လွင်