မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှု

ပခုက္ကူ စက်တင်ဘာ ၁၈

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များလိုက်ပါပြီး နံနက် ၁၀ နာရီတွင် ပခုက္ကူမြို့၊ ပြည်သာယာခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကို သွားရောက်စစ်ဆေးကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု၊ ဆေးဝါးရရှိမှုနှင့် နှစ်၊ လ၊ ရက်များအလိုက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေမှု အခြေအနေတို့ကို စစ်ဆေးမေးမြန်းရာ ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

mdn

 

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများ လိုက်လံကြည့်ရှု စစ်ဆေးပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုဗစ်ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် အာဟာရဖြည့် အစားအသောက်များ ပေးဝေကာ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း အောက်ဆီဂျင်စက်ရုံ တည်ဆောက်ထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ကွန်းရွာအုပ်စု၊ ရွှေတန့်တစ်ကျေးရွာရှိ ရွှေတန့်တစ်သရက္ခန် ဘုရားအား သွားရောက်ဖူးမြော်ကြပြီး ရွှေတန့်တစ် ကျေးရွာပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုကာ ဆောင်ရွက်ပြီးစီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ကြသည်။

 

ထို့အပြင် ဝန်ကြီးနှင့်အဖွဲ့သည် ပခုက္ကူမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ရွှေတန့်တစ်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြို့နှင့်ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း အခြေအနေနှင့် ပခုက္ကူခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ကြီးရွာမြစ်ရေတင်ဖြင့် နွေ၊ မိုး၊ ဆောင်း၊ စပါးနှင့် သီးနှံမျိုးစုံစိုက်ပျိုးသည့် တောင်သူများအား နှစ်စဉ်ရေပေးဝေနိုင်မှု အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက လုပ်ငန်းအသေးစိတ် ဆောင်ရွက်ချက်များကို ပြန်လည်ရှင်းလင်း တင်ပြကြသည်။

 

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ ကွင်းဆင်းစစ်ဆေးရာသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအဖွဲ့ဝင်များ လိုက်ပါကြကြောင်း သိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)