လာအိုနိုင်ငံမှ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၂၀၀ တာချီလိတ်မြို့ရှိ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ဆက်လက်ဝင်ရောက်

တာချီလိတ် စက်တင်ဘာ ၁၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ အမျိုးသား (၁၄၁)ဉီး၊ အမျိုးသမီး (၅၉)ဉီး စုစုပေါင်း(၂၀၀)ကို ယနေ့နေ့လယ်ပိုင်းက မြန်မာဘက်မှ တာဝန်ရှိသူများက စိစစ်လက်ခံခဲ့ကြသည်။

 

ထိုသို့ စိစစ်လက်ခံရာတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ တာချီလိတ်မြို့၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးမြင့်နိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးတင်ဉီးကျော်နှင့် မြို့နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင်များက ကြိုဆိုလက်ခံခဲ့ကြပြီး ၎င်းနေရပ်ပြန်​ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီက ကျန်မာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Rapid Test Kit စနစ်ဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ရောဂါပိုးတွေ့ရှိသူ  အမျိုးသားတစ်ဉီး၊ အမျိုးသမီးတစ်ဉီး ရှိကြောင်းနှင့် ၎င်းတို့ကို ကုသရေးစင်တာသို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသည့် နေရပ်ပြန်ပြည်သူ (၁၉၈) ဉီးကို ဝမ်လုံး အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာတွင် ခေတ္တထားရှိပြီး တတိယမြောက်နေ့တွင် ဒုတိယအကြိမ် ထပ်မံစစ်ဆေး၍ ပိုးကင်းစင်မှသာ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လာအိုနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများကို ဇူလိုင် ၃၀ ရက်မှ စတင်လက်ခံခဲ့ကြရာ ယနေ့အချိန်ထိ (၁၁) ကြိမ်မြောက်ရှိပြီး စုစုပေါင်း (၃၀၇၁) ဉီး ရှိ​ပြီဖြစ်ကြောင်းနှင့် ၎င်းတို့အား သက်ဆိုင်ရာ နေရပ်ဒေသအသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် တာချီလိတ်မြို့ရှိ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး မော်တော်ယာဉ်များကို အခမဲ့စီစဉ်ပေးကာ သက်ဆိုင်ရာ နေရပ်များသို့ ပြန်လည်ပို့ဆောင်​ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)