ကျွမ်းကျင်လုပ်သား မွေးထုတ်နိုင်ရေး ကျွမ်းကျင်မှု “စံ” ရေးဆွဲခြင်းနှင့် စစ်ဆေးအကဲဖြတ် အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၃

ကျွမ်းကျင်လုပ်သား မွေးထုတ်နိုင်ရေး ကျွမ်းကျင်မှု “စံ” ရေးဆွဲခြင်းနှင့် စစ်ဆေးအကဲဖြတ် အသိအမှတ်ပြုခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး ဆောင်ရွက်ရန် အလုပ်အကိုင်အလိုက် (Meterial Cost)နှင့် Chief Assessor/ Assessor Fee ကုန်ကျစရိတ်များကို နိုင်ငံတော်ဘဏ္ဍာဖြင့် ကျခံသုံးစွဲ သွားမည်ဖြစ်ရာ လေလွင့်မှုမရှိစေရေး၊ တတ်နိုင်သမျှ ကုန်ကျစရိတ်လျော့ချနိုင်ရေး ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်အကိုင် အလိုက် ကျွမ်းကျင်မှု “စံ”များ ရေးဆွဲရာတွင်  ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီများ အလိုက် ရေးဆွဲထားသည့် အလုပ်အကိုင် အမျိုးအစား (၂၁၂)မျိုး သတ်မှတ်ထားပြီး (၁၂၃)မျိုးကို အစိုးရအဖွဲ့မှ အတည်ပြု၍ အလုပ်အကိုင် (၇၁)မျိုးအတွက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ”များ ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း။

နေပြည်တော်ကောင်စီနယ်မြေအတွင်း NSSA အသိအမှတ်ပြု အစားအသောက် ဧည့်ခံ ကျွေးမွေးသူ၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး၊ ဆောက်လုပ်ရေး လက်သမား၊ အုတ်စီလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ဌာန စုစုပေါင်း (၇) ခုရှိကြောင်း၊ ကျွမ်းကျင်လုပ်သားမွေးထုတ်ရန် Working Group ဖွဲ့စည်းပြီး Action Plan ရေးဆွဲဆောင်ရွက်ရန် NSSA မှ ပူးပေါင်း ပါဝင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ချင်းတွင်းတံခွန်အထည်ချုပ်စက်ရုံနှင့် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိ စက်မှုဇုန်နယ်မြေရှိ ချင်းတွင်းတံခွန် အထည်ချုပ်စက်ရုံတို့မှ Garment Sewing Machine Operator (Level-1) အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနအဖြစ် လျှောက်ထားမှုအပေါ် Inspection Team ဖြင့် ကွင်းဆင်းဆောင်ရွက် မည်ဖြစ်ကြောင်း။

NSSA အနေဖြင့် ကိုဗစ်-၁၉  ကာလအတွင်း သတ္တုနှင့် အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ “စံ” သတ်မှတ်ရေးကော်မတီနှင့် ပူးပေါင်းပြီး ကျွမ်းကျင်မှု “စံ” ရေးဆွဲခြင်း၊ လျှပ်စစ်အလုပ်အကိုင် ဆိုင်ရာ “စံ” သတ်မှတ်ရေး ကော်မတီနှင့်ပူးပေါင်းပြီး ကျွမ်းကျင်မှု “စံ” ရေးဆွဲခြင်းတို့ကို အပတ်စဉ် ဆောင်ရွက်နေကြောင်း၊ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီများအနေဖြင့် ကျွမ်းကျင်မှု “စံ” ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် NSSA နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လအတွက် ဘတ်ဂျက်တွင် လုပ်သား(၄၂၄) ဦး ကို စစ်ဆေးအကဲဖြတ်ရန် လျာထားသတ်မှတ်ထား၍ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားသည်။    
 
ထို့နောက် တက်ရောက်လာသည့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ် ရေးကော်မတီမှ  ကော်မတီဝင်များ၊ တာဝန်ရှိသူများ၊ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီများနှင့် လုပ်ငန်းရှင်များ၊ အသင်းများမှ ဥက္ကဋ္ဌများနှင့် ကျွမ်းကျင်သူများက ဆွေးနွေးတင်ပြခဲ့ပြီး ဒုတိယ ဝန်ကြီးက အစည်းအဝေး တက်ရောက်လာသူများအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းမှ စတင်ပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရန် အကဲဖြတ်စစ်ဆေးရေး ဌာနများ တည်ဆောက်ရေး၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်၍ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရေး၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ”အသစ်များရေးဆွဲရာတွင် အင်တိုက်အားတိုက် ပူးပေါင်း ပါဝင် ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်