ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ၁၄

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေး သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ဘောလုံးအားကစားကွင်း၊ နှစ်ထပ်တိုင်းရုံး တည်ဆောက်ပြီးစီးမှုနှင့် ရုံးခန်းနေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဘောလုံးကွင်းပွဲကြည့်စင် တည်ဆောက်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။

 

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ဘောလုံး အားကစားကွင်းရှိ ပွဲကြည့်စင် အဆောက်အဦပတ်လည်တွင် ကွန်ကရစ်လမ်းခင်းကျင်းနိုင်ရေးနှင့် လေ့ကျင့်ရေးအားကစားရုံ-၂ (Training Center-2)ကို ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/ အားကစားရုံများ ယိုယွင်းပျက်စီးနေမှုများကို ပြန်လည်ပြုပြင်ဆောင်ရွက်၍ ရေရှည်တည်တံ့အောင် စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် အားကစားနည်း အလိုက် ဆိုင်းဘုတ်ဗွီနိုင်းများ ပြန်လည် တပ်ဆင်ထားရှိရန် တာဝန်ရှိသူများကို  မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ဘောဂဝတီအားကစားကွင်း ကွန်ကရစ် လမ်းခင်းကျင်းဆောင်ရွက်ပြီးစီးမှု၊ ရေစင်တည်ဆောက်ထားရှိမှု၊ ဘောလုံးကွင်း ရေဖျန်းစနစ်တပ်ဆင်ထားရှိမှု၊ အားကစားမှူးနေအိမ်နှင့် ရုံးခန်းတည်ဆောက်ပြီးစီးမှု၊ ဘောလုံးကွင်းပွဲကြည့်စင် တည်ဆောက်မည့် မြေနေရာ လျာထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းပြည်သူ့အားကစားကွင်း ဘောလုံးကွင်းပွဲကြည့်စင် ပြန်လည်ပြုပြင်ထားရှိမှု၊ ဂါလံ(၃၂၀၀)ဆံ့ ရေစင်တည်ဆောက်ထားရှိမှု၊ ဘောလုံးကွင်းအတွင်း ရေဖျန်းစနစ် တပ်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးလုံလေလုံ အားကစားရုံအတွင်း ခိုငှက်များမဝင်နိုင်အောင် ထိန်းသိမ်း စောင့်ရှောက်ရန်၊ ရုံအတွင်းရှိ စတိတ်စင်ကြမ်းခင်းပျက်စီးနေမှုကို ပြုပြင်ဆောင်ရွက်သွားရန်နှင့် အားကစား ကွင်း/ရုံများ ရေရှည်တည်တံ့စေရေး အတွက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားပြီး  ဝန်ထမ်းများ နှင့်တွေ့ဆုံသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းအားကစားကွင်းအတွင်းရှိ အလေးမနှင့် ကာယကြံ့ခိုင်မှုအားကစားခန်းမ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ ကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)