ပဲခူး ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အ.ထ.က (၅) သီရိပညာခန်းမ၌ ယနေ့ နံနက်ပိုင်းက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု (အဆို၊ အက၊ အရေး၊ အတီး) ခရိုင်အဆင့်ပြိုင်ပွဲ ဒုတိယနေ့ကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်တင့်၊ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပဲခူးခရိုင် စီမံချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ဝါသနာရှင် (ဒုတိယတန်း) ကာလပေါ်တေး (အမျိုးသား) အဆိုပြိုင်ပွဲတွင် ဝါသနာရှင် (၄)ဦးမှ “တစ်ဆောင်းသစ်ပြန်ပြီ” သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင် (ဒုတိယတန်း) ကာလပေါ်တေး (အမျိုးသမီး) အဆိုပြိုင်တွင် ဝါသနာရှင် (၅)ဦးမှ “တရေးချစ်ခွင့်မြင်ရနိုး” သီချင်းဖြင့် လည်းကောင်း၊ ဝါသနာရှင်ပထမတန်း (အမျိုးသမီး) အဆိုပြိုင်တွင် ဝါသနာရှင်(၂)ဦးမှ “ချစ်မိုးကြီး” သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်(ဒုတိယတန်း) အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေး (အမျိုးသား) အဆိုပြိုင်တွင် ဝါသနာရှင်(၂)ဦးက “မဟာ” သီချင်းဖြင့်လည်းကောင်း၊ ဝါသနာရှင်(ဒုတိယတန်း) အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး အမျိုးသမီး အဆိုပြိုင်တွင် ဝါသနာရှင်(၃)ဦးမှ “သီတာရတနာ” သီချင်းဖြင့် လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးခင်မောင်တင့်၊ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့များ၊ ပဲခူးခရိုင်အတွင်းမြို့နယ် (၈)မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အနုပညာရှင်/ အတတ်ပညာရှင်/ ဝါသနာရှင် ပြိုင်ပွဲဝင်များအား အခြေခံပညာအဆင့်မှ ကျောင်းသူလေးတစ်ဦးက “အာယားမ” သီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ကာလပေါ် (အဆို) ပြိုင်ပွဲတွင် (အသက် ၁၀-၁၅) အဆင့် ဆုရရှိသူများ၊ အခြေခံပညာ (အသက် ၁၅-၂၀)အဆင့် (အမျိုးသား) ဆုရရှိသူများ၊ ဝါသနာရှင် ပထမတန်းအဆင့် (အမျိုးသား) ဆုရရှိသူများ၊ ဝါသနာရှင်ဒုတိယတန်းအဆင့် (အမျိုးသား) ဆုရရှိသူများ၊ အကပြိုင်ပွဲတွင် (၁၀-၁၅)အဆင့် (အမျိုးသား) ဆုရရှိသူများအား တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံပညာအဆင့်မှ ကျောင်းသူတစ်ဦးက “အောင်ပါစေ” သီချင်းဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)