ရေစကြိုကျွန်းပေါ်ရှိ ကျေးရွာများအနက်မှ ပထမဦးစွာ ကျေးရွာ(၈)ရွာအား မီးလင်းရေး ဆောင်ရွက်ပေးမည်

နေပြည်တော် ၂၆ ဒီဇင်ဘာ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ဒီဇင်ဘာ၂၄ ရက် ညနေပိုင်းက မကွေးတိုင် ဒေသကြီး စိုက်၊ မွေး၊ ဆည် ဝန်ကြီး ဦးဝင်းမော်ဌေး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ ရေစကြိုကျွန်းသို့ သွားရောက်ကြပြီး ကျေးရွာများနေ ပြည်သူများနှင့်တွေ့ဆုံကာ လျှပ်စစ်မီး ရရှိသုံးစွဲနိုင်ရန်၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်း ကူညီပေးရန် ဆွေးနွေးကြသည်။

 

 

ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး လုပ်ငန်းအတွက် လိုအပ်သော နည်းပညာ အကူအညီပေးခြင်း၊ စိုက်ကွင်းများအား အဆင့်မြှင့်တင်ခြင်းနှင့် ကုန်ထုတ်လမ်းများ ဖောက်လုပ် ဆောင်ရွက် ပေးမည့် အစီအစဉ်များ၊ မဟာဓါတ်အားလိုင်းနှင့်ဝေးကွာပြီး ၁၀ နှစ်တာကာလ အတွင်း လျှပ်စစ်မီး ရရှိရေး စီမံကိန်းများတွင် မပါဝင်သေးသည့် ကျေးရွာများ လျှပ်စစ်မီးရရှိ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အသေးစား လျှပ်စစ်မီးရရှိရေး စီမံကိန်းအရ ဒေသမီးလင်းရေး ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် လျှပ်စစ်မီးရရှိပါက အသေးစားကုန် ထုတ်လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး ဆက်လက်ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြား သည်။

 

 

ရေစကြိုကျွန်းပေါ်တွင် ကျေးရွာ(၄၃)ရွာရှိသည့်အနက် ပထမအဆင့်စီမံကိန်းအရ အရှေ့ပိုင်း ကျွန်းရွာများဖြစ်သည့် ငတရော်၊ မြေတော်၊ သပြေပင်၊ ဘိစပ်ကုန်း၊ ကိုင်း၊ မြေစွန်း၊ ညောင်မွှေး၊ဆည်သစ်မြင်ကျေးရွာ(၈)ရွာတို့တွင်၂၈၈ ကီလိုဝပ် ဆိုလာစနစ်နှင့် အရန်မီးစက် ၁၆၀ ကီလိုဝပ် ဒီဇယ်အင်ဂျင်တို့ဖြင့် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ အိမ်ခြေ (၁၄၄၂)၊ လုပ်ငန်းသုံး(၆၆)ဦးနှင့်စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘုန်းကြီးတော်ကျောင်း (၂၃)ကျောင်းတို့ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ဒုတိယအဆင့် စီမံကိန်းအတွက် ကျေးရွာ(၁၂)ရွာတွင် ဆက်လက် ဆောင်ရွက်ရန် လျာထားကာ တစ်ကျွန်းလုံးမီးလင်းရေးအတွက် ကျန်ရှိသော ကျေးရွာများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေစကြိုမြို့နယ် မင်းကန်မြစိမ်းရောင်ရွာတွင် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးစနစ်အရ လုပ်ကိုင်နေကြသော သဲကျောက် အလှ ဆင်ကုန်ထုတ် လုပ်ငန်းခွင်သို့ရောက်ရှိကြပြီး ကျေးရွာအနီးရှိ သဲကျောက်တောင်မှ သဲကျောက် များကို အသုံးပြု၍ကျောက်ပျဉ် ၊ ကျောက်စားပွဲ၊ ကြိတ်ဆုံ၊ ကျောက်မီးဖို၊ ကျောက်ငရုတ်ဆုံ ၊ ကျောက်မီးအိမ် ၊ ကျောက်ရေအိုးများထုဆစ်နေမှုများကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ဒေသနေပြည်သူများ၏ တင်ပြတောင်းဆိုမှုအရ သောက်သုံးရေ အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန် လိုအပ်လျက်ရှိသောစက်ရေတွင်း ၊ ရေစင် ၊ ရေပိုက်များ တပ်ဆင်ပေးနိုင်ရေးနှင့် မူလရှိပြီးရေကန်ပြန်လည် ဆည်ယူမွမ်းမံရေး လိုအပ်ချက်များကို အမြန်ဖြည့်ဆည်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး မိသားစုတစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်ရေးအတွက် မျိုးနှင့်နည်းပညာများ ကူညီဖြည့်ဆည်းပေးမည့် အစီအစဉ်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)