ကျောက်ပန်းတောင်းမြို့တွင် သုံးရက်တိုင်တိုင် ပြုလုပ်ခဲ့သည့် မျက်စိအလင်းအလှူ အောင်မြင်စွာပြီးစီး မျက်စိခွဲစိတ်ဝေဒနာရှင်များအား အလှူရှင်မိသားစုမှ မျက်မှန်နှင့်ဆေးဝါးများထောက်ပံ့လှူဒါန်း

ကျောက်ပန်းတောင်း  ၁ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ရွှေနဒီ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပလျက်ရှိသည့် နဒီရွှေဝါမိသားစု၏ မျက်စီအလင်းလှူပွဲကို ဒီဇင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပခဲ့ပြီး မျက်စိခွဲစိတ်ပြီး ဝေဒနာရှင်များအား အလှူရှင်မိသားစုနှင့်တာဝန်ရှိသူများက မျက်မှန်များနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ရွှေနဒီဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းဒါယကာကြီး ဦးစိုးသိန်း၊ ကျောင်းဒါယိကာမကြီး ဒေါ်ဆင်နု မိသားစုများဖြစ်သော နဒီရွှေဝါကုမ္ပဏီ၏ အစီအစဉ်ဖြင့် ကျောက်ပန်းတောင်းမြို့နယ်နှင့် အနီးဝန်းကျင်းမြို့ရွာများမှ မျက်စီဝေဒနာရှင်များ မျက်စိအလင်းအလှူအဖြစ် သုံးရက်တိုင်တိုင် အခမဲ့ စမ်းသပ်၊ ခွဲစိတ်ခြင်းများဆောင်ရွက်ပေးခဲ့ရာ ကျောက်ပန်းတောင်းမြို့နယ်၊ နတ်မောက်မြို့နယ်၊ ချောက်မြို့နယ်၊ ညောင်ဦးမြို့ နယ်များမှ မျက်စိဝေဒနာရှင်များ လာရောက်ကုသမှုခံယူခဲ့ကြကြောင်းသိရသည်။

 

 

မျက်စိလာရာက်ပြသကြသူများအနက်မှ ခွဲစိတ်ရန်မလိုအပ်သူများကို ပါဝါမျက်မှန်လိုအပ်ပါက ပါဝါမျက်မှန်များပေးအပ်ခြင်း၊ ဆေးဝါးလိုအပ်သူများကို ဆေးဝါထောက်ပံ့ခြင်းများပြုလုပ်ပေးခဲ့ပြီး၊ ခွဲစိတ်ရန်လိုအပ်သူများကို မျက်စိအထူးကု ခွဲစိတ်ပါရဂူကြီးများဖြင့် ကျောက်ပန်းတောင်း ဆေးရုံမျက်စိခွဲစိတ်ကုသဆောင်တွင် တစ်ပါတည်း ခွဲစိတ်ကုသပေးခြင်းဖြစ်သည်။

 

မျက်စိခွဲစိတ်ကုသခြင်းကို(၁၁)ပါးမြောက်တိပိဋက ဓရဆရာတော်ဦးဆောင်သော၊ တိပိဋကစက္ခုပါလအဖွဲ့မှ မျက်စိအထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းဦးဆောင်ကာ အကြိမ်(၃၀)မြောက်အဖြစ် မျက်စိလူနာများအား အခမဲ့စိမ်းသပ်ခွဲစိတ်ကုသပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့၏ သွားလာ၊ နေထိုင်ရေး၊ စားသောက်ရေးနှင့် လူနာများအတွက် နေထိုင်စားသောက်ရေး၊ လိုအပ်သည့်ဆေးဝါးများနှင့်ပတ်သက်သော ကုန်ကျစရိတ်များကို နဒီရွှေဝါကုမ္ပဏီမိသားစုနှင့် မိတ်ဖက်အလှူရှင်များ ပူးပေါင်းအကုန်အကျခံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မျက်စိခွဲစိတ်ကုသမှုတွင် သုံးရက်တာကာလအတွင်း ပြင်ပလူနာပေါင်း ၁၉၉၇ ဦး၊အကြီးစား ခွဲစိတ်လူနာပေါင်း ၂၇၅ ဦးနှင့်အသေးစားခွဲစိတ်လူနာ နှစ်ဦးရှိကြောင်းသိရပြီး မျက်မှန်လိုအပ်သည့်လူနာ ၉၉၃ ဦးကို မျက်မှန်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး မျက်စဉ်းဆေးလိုအပ်သည့်လူနာ ၇၂၇ ဦးကို မျက်စဉ်းဆေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

နေအောင်(iprd)