ကိုလင်း
အောင်မြင်သော လူငယ်အမျိုးသမီးအဆိုတော်တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူနှင့်အတူ ဘဝကို ရင်ဆိုင်ဖြတ်သန်းနေသူ အဆိုတော် အိမ့်ချစ်အား အမျိုးသမီးငယ်နှင့် ကလေးသူငယ်များ အခွင့်အရေးအတွက် အဓိကလှုပ်ရှားနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Plan International က အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး သံတမန်အဖြစ် ခန့်အပ်ခြင်းကို သြဂုတ် ၁၃ ရက်က ရန်ကုန် နည်းပညာတက္ကသိုလ်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ တက်ရောက်ခဲ့ကြကာ သံတမန်အဖြစ် တေးသံရှင် အိမ့်ချစ်ကို ခန့်အပ်ပြီးနောက်တွင် အိမ့်ချစ်က သရုပ်ဆောင် ခင်ဝင့်ဝါနှင့် Plan International မှ မိန်းမပျိုများနှင့်အတူ ‘အလှဆုံး မိန်းမပျို’ သီချင်းကို တင်ဆက်ခဲ့သည်။
“ကျွန်မတို့ Plan International က မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး လှုပ်ရှားနေတာ ခုနစ်နှစ်ရှိပါပြီ၊ အမျိုးသမီးနဲ့ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးတွေအတွက် အဓိက လုပ်ဆောင်နေတာပါ၊ အိမ့်ချစ်က ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်အခွင့်အရေးတွေကို မိမိရရ ရယူနိုင်ခဲ့တဲ့ မိန်းကလေးဖြစ်တဲ့အတွက် ကျွန်မ အင်မတန် လေးစားပါတယ်၊ သူနဲ့အတူ ပူးပေါင်းလှုပ်ရှားခွင့် ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်၊ GGE ၉၉ ရက်တာ လှုပ်ရှားမှုကတော့ ပြည်သူလူထုတွေ စိတ်ဝင်စားဖို့ အနုပညာရှင်တွေရဲ့ ကူညီမှုအားပေးမှုနဲ့ စလုပ်တာဖြစ်ပါတယ်၊ နောက်ပိုင်းမှာ ဒီလှုပ်ရှားမှုကရတဲ့ ရလဒ်တွေကို စီမံကိန်း ၁၅ ရပ်ထဲမှာထည့်ပြီး အကောင်အထည်ဖော် လှုပ်ရှားသွား မှာပါ” ဟု Plan International ၏ ဒါရိုက္တာဖြစ်သူ မလင်းလင်းအောင်က ပြော သည်။
အိမ့်ချစ်အနေဖြင့် Plan International က ၉၉ ရက်ကြာ လုပ်ဆောင်သွားမည့် မိန်းကလေးများ တန်းတူညီမျှ အခွင့်အရေးရရှိရေး လှုပ်ရှားမှုဖြစ်သော Girls Get Equal(GGE) လှုပ်ရှားမှုတွင်လည်း ပါဝင်သွားမည်ဖြစ်ကာ အဆိုပါ GGE လှုပ်ရှားမှုတွင် မိန်းကလေးများ၏ စွမ်းဆောင်နိုင်မှုကို ဂုဏ်ပြုခြင်း၊ GGE Ambassador ခန့်အပ်ခြင်း၊ GGE သီချင်းနှင့် မိတ်ဆက်ပေးခြင်း၊ မိန်းကလေးများ၏ စွမ်းဆောင်နိုင်စွမ်း၊ လွတ်လပ်လုံခြုံခြင်းနှင့် ကိုယ်စားပြုခွင့်များကို ထင်ဟပ်ပြသနိုင်သော ဓာတ်ပုံပြိုင်ပွဲကျင်းပခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်း